ထားဝယ် ဒီဇင်ဘာ ၁၃
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ( ဒုတိယပတ် )ကို ယနေ့နံနက် ၅ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါ ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူများ၊ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း( ၁၅၆၉ )ဦးတို့က ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲကြသည်။
ထို့နောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ညွှန်ကြားရေးမှူးက ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို တာလွှတ်၍ ဖွင့်လှစ်ပေးပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများက ရွှေဝယ်သီရိအားကစားကွင်းအတွင်း ဝိုင်းပတ်၍ ၂ မိုင်ခွဲ စုပေါင်းလမ်းလျှောက်ခဲ့ကြကာ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ(၂)ကိုစုပေါင်း၍ ပြုလုပ်ခဲ့ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူများကို အာဟာရဖြည့်မုန့်များ ဝေငှပေးခဲ့ကြပြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဉ်စနေနေ့တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)