၂၀၂၅ ခုနှစ်၊ ကယားပြည်နယ် ဒီဇင်ဘာလူထုအားကစားလ (ဒုတိယရက်သတ္တပတ်) စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

လွိုင်ကော်      ဒီဇင်ဘာ        ၁၃

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်သူများ ကျန်းမာကြံ့ခိုင်သော နေ့စဉ်လူမှုဘဝ များကို ပိုင်ဆိုင်နိုင်ရန် ဒီဇင်ဘာလူထုအားကစားလ (ဒုတိယရက်သတ္တပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံ၊ ကျောက်သားရင်ပြင်တွင် စုရပ်ပြုလုပ် ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)မှ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ဆင်နွှဲကြသည်။

လူထုလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲသူအားလုံးက ကန္ဒာဟေဝန်ပန်းခြံ၊ ကျောက်သားရင်ပြင် မှစတင် ထွက်ခွာပြီး မြို့လယ်နာရီစင်မှ အမှတ်(၄)လမ်းမကြီးတစ်လျှောက် ဒေါဥခူမီးပွိုင့်အထိ၊ ဦးသီရိလမ်းမှ အမှတ်(၅)လမ်းမကြီးနှင့် နောင်ယားကန်ပတ်လမ်းများကို ဖြတ်သန်းလမ်း လျှောက်ခဲ့ကြပြီး ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ပြန်လည်စုစည်းကြသည်။ ဆက်လက်၍ အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)၊ ပညာရေးဒီဂရီကောလိပ်နှင့် သူနာပြုနှင့် သားဖွား သင်တန်းကျောင်း ကျောင်းသားကျောင်းသူများက ကိုယ်လက်လှုပ်ရှားမှု သွေးပူလေ့ကျင့်ခန်း အတွဲ(၁) ၊ အတွဲ(၂)နှင့် Fitness Dance  သရုပ်ပြသမှုများကို ပါဝင်ဆင်နွှဲသူအားလုံးက စိတ်လက် ပျော်ရွှင်စွာဖြင့် အတူတကွ လိုက်ပါဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့က လူထုလမ်းလျှောက် ပွဲတွင် ပါဝင်ဆင်နွှဲကြသူအားလုံးကို နံနက်စာမုန့်များကျွေးမွေးခဲ့သည်။

လူထုလမ်းလျှောက်ပွဲ(ဒုတိယရက်သတ္တပတ်)တွင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ မိသားစုဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ရပ်ကွက်/ကျေးရွာ အသီးသီးမှ ဒေသခံတိုင်းရင်းသား ပြည်သူ အင်အား ၂၅၀၀ ကျော် ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)