လေးမျက်နှာမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

လေးမျက်နှာ ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကလေးငယ်များ ကျန်းမာ သန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေစေရန် ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီအချိန်ခန့်က မိခင်ကလေးကျန်းမာရေး ဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ဝန်ထမ်းများက မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာ(၄)ရွာမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(B)ပိုး၊  ဦးနှောက်မြှေးရောင်၊ (၅)မျိုးစပ် ကာကွယ်ဆေး၊ ပိုလီယို အကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန် ဦးနှောက်ရောင်ရောဂါ (၁၁)မျိုးအပြင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်စေ တတ်သော (Rota) ကာကွယ်ဆေးကိုပါ တိုက်ကျွေးကြောင်းနှင့် ကလေး ငယ်များအား ပေါင်ချိန်၍ ကိုယ်ကလေးချိန် မှတ်တမ်းရယူခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုး ပေးခြင်းတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)