ကျောက်မဲမြို့‌ တိုက်ပွဲရှောင်စခန်း ၄ နေရာရှိ တိုက်ပွဲရှောင်ပြည်သူ ၈၀၀ ကျော်အတွက် အဖွဲ့အစည်း အသီးသီးမှ ဆန်၊ ဆီ ရိက္ခာများ လာရောက်ထောက်ပံ့လှူဒါန်း

ကျောက်မဲ  ဇန်နဝါရီ  ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်း ၄ နေရာ၌ ခိုလှုံနေသည့် တိုက်ပွဲရှောင် ပြည်သူ များအတွက် ယမန်နေ့က အဖွဲ့အစည်းအသီးသီးမှ ငွေ၊ ဆန်၊ ဆီ၊ ရိက္ခာများနှင့် အဝတ်အထည်များ လာရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်း ၄ နေရာတွင် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စာရင်းအရ တိုက်ပွဲ ရှောင် အိမ်ထောင်စု ၂၂၀ စု၊ လူဦးရေ ၈၅၈ ဦး ရောက်ရှိ ခိုလှုံလျက်ရှိပြီး ၎င်းတို့အတွက် Oxfan in Myanmar အဖွဲ့မှ လူတစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ယမန်နေ့ကစ၍ ထောက်ပံ့ပေးလျက်ရှိရာ အုမ်တမောဝ် လူမှု ကူညီရေးအသင်းက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အတူ ကွတ်ခိုင်မြို့မှ ဂရုဏာ ၊ ဗြဟ္မာစိုရ် နှလုံးသား ၊ မူဆယ်မြို့မှ မြင့်မြတ်ပါရမီ ၊ နမ့်ခန်းမြို့မှ NMBG နှင့် သီပေါမြို့မှ သီပေါလူငယ် အစရှိသည့် ပရဟိတလူမှုကူညီရေးအသင်းတို့မှလည်း ဆန် ၅၈ အိတ်၊ ဆီ၊ ကုလားပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် အဝတ်အထည်များကို ယမန်နေ့က  လာရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်၊ လွယ်အံတင်း ကျေးရွာအုပ်စုအတွင်း  ဒီဇင်ဘာ ၂၅ ရက်နေ့မှစ၍ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်  လွယ်အံတင်း၊ ကောင်းခါး၊ ခုံငင်း၊ မန်စပ်၊ ပန်လော့နှင့် ပန်မခံကျေးရွာများမှ ပြည်သူတို့က  ကျောက်မဲ မြို့ပေါ်ရှိ ဝါဆို ကျောင်းတိုက်၊ အောင်မင်္ဂလာကျောင်းတိုက်၊ ပန္နဲကုန်းစာသင်ကျောင်းနှင့် သန္တိသုခဓမ္မါရုံ များတွင် ရောက်ရှိ ခိုလှုံလျက်ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင်များအကြား စစ်ရေးတင်းမာနေမှုများ ရှိနေသည့်အတွက် မြို့ပေါ်သို့ ထပ်မံတိမ်းရှောင်လာမည့် ပြည်သူများ ရှိသေးကြောင်း ဒေသခံပြည်သူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ တိုက်ပွဲရှောင်များအတွက် ငွေ၊ ရိက္ခာ၊ အဝတ်အထည်နှင့် အသုံးအဆောင် လာရောက်ထောက်ပံ့ လှူဒါန်းသူ နေ့စဉ် နီးပါးရှိနေကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)