ကျောက်ပန်းတောင်း ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်စိုက်ပျိုးတောင်သူများ ဆောင်းကြက်သွန်နီ ပြန်လည်စိုက်ပျိုးချိန်အထိ ဈေးနှုန်းကျဆင်းနေခြင်းကြောင့် တောင်သူများ လက်ထဲမှ ကြက်သွန်များ အချိန်မလွန်ခင် ရသည့်ဈေးနှုန်းဖြင့် ရောင်းချရနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့ ချိုကြီးပွဲရုံပိုင်ရှင် ဦးမြင့်ချိုထံက သိရ သည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများသည် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်များကို အမြောက်အများ စိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကာ ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြောင့် သာရေး/နာရေးပွဲများနှင့် ပြည်ပထွက်ပေါက် မရှိခြင်းများက ကြက်သွန်စိုက်တောင်သူများကို အထိနာစေခဲ့ ကြောင်း ကြက်သွန်စိုက်တောင်သူများက ရှင်းပြသည်။ ဆောင်းကြက်သွန် တစ်သီးစိုက်ပျိုးချိန် ကြက်သွန်စင်ပေါ် ရောက်သည်အထိ အချိန်နှစ်ပတ်လည် ကြာမြင့်ကြောင်း၊ ကြက်သွန်ပျိုးထောင်ခြင်းများကို သီတင်းကျွတ်၊ တန်ဆောင်မုန်း လတို့တွင် စတင်ပျိုးထောင်ကြပြီး ကြက်သွန်ပျိုးသက် ၄၅ ရက်တွင် စိုက်မည့် အခင်းထဲ ရွှေ့ပြောင်းစိုက်ပျိုးကြကာ ချောင်းကြက်သွန်ခင်းများ နံနက်/ည ရေနှစ်ကြိမ်ဖျန်းလောင်းရပြီး၊ ကုန်းကြက်သွန်စိုက်ပျိုးသူများ မြောင်းဖြင့် ရေသွင်း စိုက်ပျိုးပါက ငါးရက်တစ်ကြိမ် ရေသွင်းကြောင်း၊ ရေဖျန်းပါက နှစ်ရက် တစ်ကြိမ်ဖျန်းပေးရကြောင်း သိရသည်။
ကြက်သွန်စိုက်ပျိုးချိန် စရိတ်စက အလွန်ကြီးမြင့်ကာ နွားရှဉ်း ထွန်ယက်ခ၊ တစ်မနက် တစ်သောင်းကျပ်၊ ထွန်စက်ထွန်ခ တစ်နာရီ နှစ်သောင်းနှစ်ထောင်ကျပ်၊ ကြက်သွန်စိုက်သမတစ်ဦး တစ်နာရီတစ်ထောင်ကျပ် (မိမိစိုက်နိုင်သလောက် နာရီဖြင့်တွက်ပေး)၊ လုပ်သားတစ်ဦး ရှစ်ထောင်ကျပ်၊ မြေဆီနွားချေ ပုဇဉ်း ခေါင်းထော်လာဂျီတစ်စီး သုံးသောင်း ငါးထောင်ကျပ်၊ ကြက်သွန်မျိုးစေ့ တစ်ပြည် လေးသောင်းကျပ်၊ ငုံးချီး၊ ကြက်ချီးမြေဆီ တစ်တင်းခွဲဆံ့ တစ်အိတ် လေးထောင်ကျပ်၊ နှမ်းဖတ်အမှုန့်ကြဲ ပက်ခြင်း၊ စက်ဆီဖိုး၊ ရွက်ဖျန်းဆေး၊ ကြက်သွန်နှုတ်သိမ်းချိန် နှုတ်ခ၊ သယ်ယူခနှင့် လုပ်အားခပေါင်းပါက ကြက်သွန်တစ်ဧက စိုက်ပျိုးစရိတ် လှောင်စင်ပေါ် ရောက်သည်အထိ သိန်းနှစ်ဆယ်ခန့် ကုန်ကျစရိတ်ရှိကြောင်း လဲဂွကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးတင်ထွန်းအောင်က ရှင်းပြသည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်သွန်စိုက်ပျိုးတောင်သူများသည် ယခုနှစ်တွင် ကြက်သွန်တစ်ပိဿာ ခုနှစ်ရာကျပ်သာ အများဆုံးရောင်းချခဲ့ရပြီး ယခုဈေးနှုန်း ကြက်သွန်တစ်ပိဿာ သုံးရာငါးဆယ်ကျပ်မှ လေးရာကျပ်သာ ရောင်းချနေရခြင်း ကြောင့် ကြက်သွန်စိုက်တောင်သူများ အရင်းအနှီးပင်ခက်ခဲသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း မုန့်ကုန်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးနန်းတင်ကပြော၍ သိရကာ ဆောင်းကြက်သွန်မျိုး(ပျိုး) ထောင်ပြီးချိန်ထိ ကြက်သွန်ဈေးနှုန်း ကျဆင်းနေခြင်းကြောင့် အရှုံးများသည့် နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း ဦးတင်ထွန်းအောင်ထံမှ သိရသည်။
မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း