နေပြည်တော် ဒီဇင်ဘာ ၁၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ ကျောက်ဖျာကျေးရွာသို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ခေတ်အေး - ကျောက်ဖျာ - ရွာသစ်ကုန်း ကျေးရွာချင်းဆက်လမ်း အရှည် တစ်မိုင်လေးဖာလုံ (2 x Wheel Track) ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်းအားတိုးမြှင့်ပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ကျောက်ဖျာကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ကျောင်းစာကြည့်တိုက်အတွက် အလှူငွေနှင့် ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများပေးအပ်ပြီး ကျေးရွာအတွင်းရှိ လုပ်ငန်းရှင် ဦးဇေယျာမင်း၏ ဒေသကြက်အကောင် ၇၀၀ မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့၊ မင်္ဂလာဗျုဟာသာသနာ့ဗိမာန်၌ ကျင်းပသည့် နေပြည်တော်အတွင်းရှိ ပြည်သူများအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြမဲပေးခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲနေ့မှာ မဲရုံများ၌ မဲပေးကြမယ့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မိမိတို့၏ မဲဆန္ဒနယ်မြေအတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီများ၏ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် မိမိတို့ကြိုက်နှစ်သက်ရာ နိုင်ငံရေးပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မှန်မှန်ကန်ကန် မဲပေးရွေးချယ်တတ်စေရန် ရည်ရွယ်ပြီး ယခုလို သရုပ်ပြဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးကြီးဆုံးဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ အားလုံးကိုလည်း အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်စိုးဝင်း က မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် ရွေးကောက်ပွဲစနစ်အကြောင်းကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူး ဦးအောင်ခိုင်ဆွေက နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက MEVM စက်ဖြင့် ပြည်သူများအား မဲပေးသရုပ်ပြခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)