မြောင်းမြမြို့၌ ရွှေတိဂုံစေတီ ပုံစံတူ မဟာအတုလမြတ်ဗုဒ္ဓစွမ်းအား စေတီတော်မြတ်ကြီး တည်ထားတော်မူရန် မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ

မြောင်းမြ ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပရိပတ္တိစွမ်းအားတောရဓမ္မ ရိပ်သာရှုခင်းသာ ကျောင်းဝန်း အတွင်း၌ ရွှေတိဂုံစေတီပုံစံတူ မဟာအတုလမြတ်ဗုဒ္ဓစွမ်းအား စေတီတော်မြတ်ကြီး တည်ထားတော် မူရန်အတွက် မြေသန့်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၇)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့မှ ဂြိုလ်ရှစ်ခွင်တွင် သိမ်နုတ် ကမ္မဝါ ရွတ်ဖတ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ၄င်းနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန်းထွန်းကြိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် တာဝန်ရှိသူများမှ ပရိတ်ကျောက်စရစ်ခဲ(၂၄)လုံးစီ ထည့်ထားသော မြေအိုး(၉)လုံးတို့အား အရပ်(၈)မျက်နှာနှင့် အလယ်ဗဟိုတို့တွင် မြှုပ်နှံပေးခဲ့ကြသည်။

ထို့နောက် ဥပဿကာများက ပရိတ်သဲ၊ ပရိတ်ရေစင်တို့ကို အလယ်ဗဟိုမှ ကုန်းတော်အနှံ့ လက်ယာရစ် အတိုင်း နှံ့စပ်အောင်ပက်ဖျန်းခြင်း၊ ပရိတ်ချည်များကို စေတီတည်ထားမည့် ဘေးပရဝုဏ် ပတ်လည်ရှိ သစ်ပင်ကြီးများ ပေါ်သို့ တက်ရောက်ချည်နှောင်ခြင်း၊ အောင်ဂါထာ ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ် ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ မဟာအတုလမြတ်ဗုဒ္ဓစွမ်းအား စေတီတော်မြတ်ကြီး မြောင်းမြမြို့၊ ရိပတ္တိစွမ်းအားတောရဓမ္မရိပ်သာကျောင်း သြဝါရစရိယဆရာတော် ဘဒ္ဒန္တသူရပတ္တိ၏ ဦးဆောင်မှုဖြင့် ဉာဏ်တော်(၂၇၀) ပေရှိရွှေတိဂုံစေတီပုံစံတူ တည်ထားပူဇော်မည်ဖြစ်ကြောင်း သိရသည်။

စန္ဒာကြည်(ပြန်/ဆက်)