မူဆယ် ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မြို့နယ်လုံးကျွတ် (စတုတ္ထအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့ဝင်မီးပွိုင့်လမ်းဆုံမှ သိန်းသန်းချီ အဝေးပြေးကားကွင်းသွား လမ်းမကြီးတလျှောက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သံဃာတော်၊ သီလရှင် (၁၄၇၀)ပါးအား မူဆယ်မြို့နယ်လုံးကျွတ် (စတုတ္ထအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခြင်းဖြစ်ပြီး ပထမဦးစွာ မူဆယ်မြို့ လွယ်တိန်ခမ်းတောင်တော်ရှိ ဓမ္မဗလဝိဟာရကျောင်းတိုက်၌ မူဆယ်မြို့နယ်အတွင်းရှိ မုံးကိုးမြို့၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မန့်ဟီးရိုးမြို့များမှ ကြွရောက်လာသော ရပ်ဝေးသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။
မွန်းလွဲ ၁ နာရီအချိန်တွင် မြို့ဝင်မီးပွိုင့်လမ်းဆုံကွင်းပြင်၌ မူဆယ်မြို့နယ်လုံးကျွတ် (စတုတ္ထအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကောင်းမှုအစုစုကို ရေစက်သွန်းချ တရားတော်နာအခမ်းအနား ဆောင်ရွက်ရာ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တစန္ဒာဝရထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။ အခမ်းအနားသို့ ရှေ့တန်းအမှတ် စကခ(၁၄) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်၊ မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းနှင့် အဖွဲ့ဝင်များ၊ မူဆယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့များ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံပြည်သူများမှ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ မြို့ဝင်မီးပွိုင့်လမ်းဆုံ မုခ်ဦးရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး သိန်းသန်းချီ အဝေးပြေးကားကွင်းသွား လမ်းမကြီးတလျှောက်တွင် ဌာနဆိုင်ရာများ၊ အလှူရှင်များမှ လောင်းလှူသည့် ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းအစုစုကို သံဃာတော်များနှင့် သီလရှင်များထံ သဒ္ဓါတရားထက်သန်စွာဖြင့် လောင်းလှူခဲ့ကြသည်။
(စတုတ္ထအကြိမ်)ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မူဆယ်မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ သံဃာတော်များ၊ သီလရှင်များ (၁၄၇၀)ပါးအတွက် တစ်ပါးလျှင် ငွေသား (၃၃၁၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၄၈၆၅၇၀၀၀၀/-)ကျပ်နှင့် အခြားလှူဖွယ်ပစ္စည်းများကို စေတနာရှင်၊ အလှူရှင်များမှ လောင်းလှူခဲ့ပြီး လာရောက်ကြသည့် မိဘပြည်သူများအတွက် စတုဒိသာ ကျွေးမွေးခြင်းမှာ ငွေ (၂၃၁၀၀၀၀၀/-)ကျပ်ဖိုးရှိကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)