ဝမ်းတွင်း ဒီဇင်ဘာ ၁၆
မိုးတွင်းကာလရွာသွန်းခဲ့သော မိုးရေချိန်များကြောင့် ဆည်ရေသောက်ကန်၊ ပုဂ္ဂလိကကန်များအတွင်း ရေဝင်ရောက်မှု များပြားကာ မိုးသီးနှံဖြစ်သည့် ရေဆင်းသုခစပါးများကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် နတ်နန်း ကျေးရွာကွင်းအမှတ် (၁၄၇၅) နှင့် (၁၄၂၀/ခ) တို့၌ စိုက်ပျိုးခဲ့ရာ ရေဆင်းသုခစပါးများအား စတင်ရိတ်သိမ်းလျက်ရှိကြောင်း တောင်သူ ဦးမောင်စိုးထံမှ သိရသည်။
ဝမ်းတွင်းမြို့နယ်ရှိ နတ်နန်းကျေးရွာအပြင် ပတ်ဝန်းကျင်ကျေးရွာများသည် မိုးရေကို အဓိကထားကာ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်သော မိုးကောင်းသောက်ကွင်းများအပြင် ဆည်ရေသောက်ကွင်းတို့ရှိပြီး မိုးတွင်းကာလ မိုးရေဝင်ရောက်ခြင်းတို့ကြောင့် ရေဆင်းသုခ စပါးမျိုးများကို စတင်စိုက်ပျိုးနိုင်ခဲ့ပြီး ၎င်းစပါးသည် ပျိုးသက်/စိုက်သက် (၁၃၅) ရက်ပြည့်လျင် ရိတ်သိမ်းနိုင်ကြောင်းနှင့် တစ်ဧကတင်း (၁၀၀) ကျော် ထွက်ရှိပါကြောင်း၊ ကွင်းအမှတ် (၁၄၇၅) နှင့် (၁၄၂၀/ခ) ရှိ တောင်သူများအနေဖြင့် မိုး/ဆောင်းသီးနှံများကိုသာ အဓိကထားစိုက်ပျိုးကာ နွေရာသီတွင် မွေးမြူရေးလုပ်ငန်းအလုပ်ကိုသာ လုပ်ကိုင်ကြကြောင်း ယခုနှစ်တွင် မိုးရေချိန်များခြင်းကြောင့် ဆည်/ တောကန်များအတွင်း ရေရရှိကာ သီးနှံများကို စိုက်ပျိုးနိုင်ခြင်းဖြစ်ကြောင်း တောင်သူဦးမောင်စိုးမှ ထပ်မံ၍ ပြောပြသည်။
အဆိုပါ နတ်နန်းကျေးရွာနှင့် ပတ်ဝန်းကျင်ရှိတောင်သူများအနေဖြင့် မိုးသီးနှံဆောင်းသီးနှံများဖြစ်သော မိုးစပါး (ရေဆင်းသုခ) အထွက်တိုးသီးနှံများအပြင် ငရုတ်၊ ကြက်သွန်၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဝါများကို စိုက်ပျိုးလျက်ရှိပြီး ကွင်းအမှတ် (၁၄၂၀/ခ၊ ၁၄၇၃/၄၊ ၁၄၇၅) တို့တွင် စပါးစိုက်ဧက (၄၆၄) ကျော်ရှိကာ ယခုအချိန်တွင် စိုက်ပျိုးခဲ့သော စပါးများကို ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)