ထားဝယ် ဒီဇင်ဘာ ၁၆
၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ထိန်သစ်ရပ်ကွက်၊ မဟာရွှေဂုဏ်ထူးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်သည်။
ဦးစွာ ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးကြည်စိုးက မဟာရွှေဂုဏ်ထူးလမ်း ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့် တို့က ထိန်သစ်ရပ်ကွက်၊ မဟာရွှေဂုဏ်ထူးလမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးဦးသက်လွင်ဦးက တိုင်းဒေသကြီးဝန်ကြီးချုပ်အား အထိမ်းအမှတ်လက်ဆောင်ပေးအပ်သည်။
ဆက်လက်၍ ထိန်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်လတ်က ကျေးဇူးတင်စကား ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းဖွင့်ပွဲတွင် တီးခတ်ဖျော်ဖြေပေးသော ဘင်ခရာအဖွဲ့နှင့် အိုးစည်ဒိုးပတ်အဖွဲ့အား ဂုဏ်ပြုဆုငွေ ချီးမြှင့်ပြီး မဟာရွှေဂုဏ်ထူးလမ်း ကွန်ကရစ်လမ်းသစ်အား လမ်းတစ်လျှောက် လိုက်လံကြည့်ရှုသည်။
ယခုဖွင့်လှစ်သည့် မဟာရွှေဂုဏ်ထူးလမ်းသည် ထိန်သစ်ရပ်ကွက် အတွင်းအဓိကလမ်းမကြီးများ ဖြစ်သော ထိန်သစ် (၄) လမ်းနှင့် (၃) လမ်းများမှတစ်ဆင့် ရေးလမ်းမကြီး၊ ကမြောကင်းလမ်းမကြီးသို့ ဝင်ထွက်သွားလာနိုင်သော လမ်းဖြစ်ပြီး ယခင်ကမြေသားလမ်းဖြစ်သည့်အတွက် သရဖီလမ်း၊ မယ်ဇလီလမ်း၊ ခရေလမ်းနှင့် လမ်းသွယ်များတွင် နေထိုင်သူပြည်သူများအနေဖြင့် ရာသီမရွေးသွားလာရန် အခက်အခဲများဖြစ်ပေါ်ခြင်း၊ မိုးတွင်းကာလတွင်ယာဉ်များ ဝင်ထွက်သွားနိုင်မှုမရှိခြင်း၊ ခြေလျင်ခရီးသွားလာရာတွင်လည်း အဆင်မပြေမှုများရှိကြောင်း သိရသည်။
ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ - ၂၀၂၆ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ ကျပ် (၁၆၂) သန်းဖြင့် အရှည် ၁၁၈၀ ပေ၊ အကျယ် ၁၂ ပေရှိ ကွန်ကရစ်လမ်းသစ်အား အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းသစ်အား ဖောက်လုပ်ဆောင်ရွက်ပေးနိုင်မှုကြောင့် ရပ်ကွက်အတွင်း နေထိုင်သူများက လမ်းပန်းဆက်သွယ်မှုလွယ်ကူချောမွေ့၍ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားစွာ ထုတ်လုပ်နိုင်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများ လမ်းအား အသုံးပြု၍ ရာသီမရွေး သက်ဆိုင်ရာကျောင်းများသို့ ပညာသင်ကြားနိုင်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)