ဖားဆောင်း ဇန်နဝါရီ ၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး Talk Show ကို ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသဲနုအောင်က(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး “Talk Show” ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ယခင်နှစ်များတွင် လွတ်လပ်ရေးနေ့၌ စာစီစာကုံးပြိုင်ပွဲများ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ကျယ်ကျယ် ပြန့်ပြန့်ပြုလုပ်ပေးနိုင်ခဲ့ပြီး ယခုနှစ်၌ ကိုဗစ်-၁၉ ကာလဖြစ်၍ အဆိုပါ အသိပညာပေးလုပ်ငန်းများ ပြုလုပ်နိုင်ခြင်းမရှိသော်လည်း ကိုဗစ်-၁၉ ကာလတွင် မိမိတို့၏ နေအိမ်၌ “stay home” နေထိုင်သည့် ပြည်သူလူထုများအား Online ဖြင့် လွတ်လပ်ရေးရယူခဲ့သည့် သမိုင်းအကြောင်းအရာများ အသိပညာ ဗဟုသုတ ရရှိစေရန်ဖြစ်ကြောင်း ပြောကြားပြီး ဖားဆောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ်ဆရာကြီး ဦးစိုးသိန်းကြည်က လွပ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများ၊ လွတ်လပ်ရေးရရှိရန် ကြိုးစားခဲ့မှုများ၊ လွတ်လပ်ရေးနေ့သည် နေ့ထူးနေ့မြတ်ဖြစ်၍ မမေ့အပ်သည်များ၊ လွတ်လပ်ရေး အဓွန့်ရှည် တည်တံ့နိုင်ရေး လူကြီးလူငယ်မရွေး တာဝန်ရှိကြောင်း၊ ထိန်းသိမ်းထားရှိနိုင်ရန် လိုအပ်သည်များ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)