အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

အမရပူရ ဒီဇင်ဘာ ၁၆

အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (နေ့သင်တန်း) တွင် တက်ရောက်ပညာသင်ကြားနေသည့် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်၊ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာမာလာယုအောင်၊ ဒေါက်တာဦးဝင်းနိုင်၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ (ဌာနမှူး) များ၊  ဌာနမှူး (စီမံ/ဘဏ္ဍာ)၊ ဌာနမှူး (သင်တန်းရေးရာ)၊ မော်ကွန်းထိန်း (ကျောင်းသားရေးရာဌာန)၊ ဌာနခွဲမှူး (အဝေးသင်-သင်တန်း)နှင့် တက္ကသိုလ်စာကြည့်တိုက်မှူးတို့ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက မြကျွန်းညိုညို တေးသီချင်းဖြင့်လည်းကောင်း၊ ကျောင်းသူလေးများက ပညာစုံရတနာပုံ သီချင့်ဖြင့် သီဆိုကပြဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ဒုတိယပါမောက္ခချုပ်များ၊  ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ) တို့က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားကြသည်။

ဆက်လက်ပြီး ဝိဇ္ဇာ/သိပ္ပံဘာသာရပ်အသီးသီးမှ ပါမောက္ခ (ဌာနမှူး) များက သင်ကြားပို့ချပေးနေသည့် ဘာသာရပ်များကို မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကြိုဆိုဝမ်းမြောက်စကား ပြောကြားကြသည်။

ထို့နောက် မော်ကွန်းထိန်း(ကျောင်းသားရေးရာဌာန)၊ ဌာနခွဲမှူး (အဝေးသင်-သင်တန်း)နှင့် တက္ကသိုလ်စာကြည့်တိုက်မှူးတို့က ကျောင်းသားရေးရာကိစ္စရပ်များ၊ စာကြည့်တိုက်အသုံးပြုမှုတို့ကို မိတ်ဆက်ရှင်းလင်းကြသည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူများသည် သင်ကြားရေးဌာန ၂၁ ခုနှင့် အသင်းအဖွဲ့ ၃ ခုတို့က ခင်းကျင်းပြသထားသည့် Poster Show, Book Show, Table Show ပြခန်းများကို လှည်လည်လေ့လာကြည့်ရှု့ကြရာ သိလိုသည်များကို တာဝန်ရှိသူများက မိတ်ဆက်ရှင်းလင်း ပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများသည် လေ့လာကြည့်ရှုခဲ့သည့် အကြောင်းအရာများကို မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)