နမ့်စန်မြို့နယ်တွင် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်များ ဆွေးနွေးပို့ချ

နမ့်စန်(တ) ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်း ဆွေးနွေးပို့ချခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ခန်းမတွင် ဆောင်ရွက်ခဲ့ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး၊ နမ့်စန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ ခိုလမ်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်နှင့် ဝန်ထမ်းများ၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့ရှိ ရပ်ကွက်(၁၁)ခုနှင့် ကျေးရွာအုပ်စု (၂၀)တို့မှ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်က ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်ကို အသေးစိတ်ရှင်းလင်းပို့ချခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်မိုးမိုးဝေက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။                                           

သူရအောင်(နမ့်စန်)