ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးကင်းစင် ပြန်လည်ထူထောင်ရေးစခန်းများ စုပေါင်းခရစ္စမတ်ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများသို့ တက်ရောက်အားပေး

မြစ်ကြီးနား ဒီဇင်ဘာ ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးကင်းစင် ပြန်လည်ထူထောင်ရေး သင်တန်းကျောင်းများ မိတ်သဟာရအဖွဲ့က ကြီးမှူး၍ သင်တန်းကျောင်း (၁၀) ကျောင်းမှ သင်တန်းသားများအတွက် ကျင်းပပြုလုပ်ပေးသည့် ခရစ္စမတ်ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အားပေးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မဂျွယ်ခန်းမရှေ့ မျက်ခင်းပြင်၌  ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရာ သင်တန်းကျောင်း (၁၀) ကျောင်းမှ ပြန်လည်ထူထောင်ရေးသင်တန်းသားများအတွက် လွန်ဆွဲပြိုင်ပွဲ ကျင်းပပြုလုပ်ပေးနေမှုနှင့် ခေါင်းအုံးရိုက်ပြိုင်ပွဲ ကျင်းပပြုလုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူတို့က ပြိုင်ပွဲများမှ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများကို ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် မဂျွယ်ခန်းမ၌ စုပေါင်းခရစ္စမတ်ပွဲတော်ကို ကျင်းပပြုလုပ်ရာ သိက္ခာတော်ရ ဆရာတော်များ၊ပြန်လည်ထူထောင်ရေးသင်တန်းကျောင်းများ မိသဟာယအဖွဲ့မှတာဝန်ရှိသူများ၊ သင်တန်း သားများနှင့်အတူ ခရစ္စမတ်တေးသီချင်းများ သံပြိုင်သီဆိုခြင်း၊ အဖွင့်ကျမ်းစာဖတ်ကြားခြင်းနှင့် ဂရုဏာလက်သင်တန်းကျောင်းမှ ဆရာဦးတန်ရော်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူက ခရစ္စမတ်ဆုတောင်းစကားနှင့် အားပေးအမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးကို သိရှိနည်းလည်ပြီး ကိုယ် တိုင်ခံစားခဲ့ရပြီး ယနေ့ပြန်လည်ထူထောင်ခဲ့ကြကာ မိမိတို့လူမှုပတ်ဝန်းကျင်နှင့် ပြည်နယ်၏အကျိုးကို အကောင်းဆုံး သယ်ပိုးနိုင်သူများဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ်ကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ထူထောင်ရေးသင်တန်းကျောင်း (၁၀)ကျောင်း အတွက် တစ်ကျောင်းလျှင် (၁၀)အိတ်နှုန်းဖြင့် ဆန်အိတ်(၁၀၀)နှင့် ခရစ္စမတ်ပွဲတော်အတွက် ငွေကျပ် သိန်း (၂၀)ကိုလည်းကောင်း၊ ဗဟိုအကြံပေးအဖွဲ့ဝင်က စားဆီ (၁၀) ပုံးကိုလည်းကောင်း အသီးသီး ပေးအပ် ကြရာ တာဝန်ရှိသူများက ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်မှုကို လက်ခံရယူခဲ့ ကြသည်။

ဆက်လက်၍ ခရစ္စမတ်တေးသီချင်းနှင့် ဓမ္မတေးသီချင်းများ စုပေါင်းသီဆိုချီးမွမ်းခြင်း၊ ဓမ္မ ဒေသနာတော်ဟောကြားခြင်း၊ ပြည့်စုံဆုတောင်းခြင်းနှင့် ကောင်းချီးတောင်းခံ ဆုတောင်းပေးခြင်းတို့ ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ခရစ္စမတ်နေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပလန(၁) ကျေးရွာသို့ သွားရောက်ပြီး ရွှေပိတောက်ခန်းမ၌ ကျေးရွာ နေပြည်သူများ၊ ရပ်မိ/ ရပ်ဖများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီး ချိန်ဖြစ်သည့်အတွက် ရိတ်သိမ်းပြီး လယ်များတွင် မိမိတို့ဒေသ စားဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက် သီးနှံကို လယ်သီးထပ်အဖြစ် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည့်သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေးနှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကိုလည်း ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် ‌ကျေးရွာနေပြည်သူများကိုယ်စား ရပ်မိ/ရပ်ဖတစ်ဦးက သီးထပ်စိုက်ပျိုးရေးအတွက် လိုအပ်ချက်များနှင့် ကျေးရွာအတွင်း နံနက်ခင်းဈေးနေရာရရှိရေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငြိမ်းချမ်းသာယာဖူဆယ်အားကစားကွင်း၌ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဆောင်းရာသီ အသက် (၂၅)နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့်အတူ ရပ်ကွက်/ကျေးရွာများအလိုက် ပြိုင်ပွဲဝင်ဖူဆယ်ဘောလုံးအသင်း (၂၅)သင်းတို့အား ယနေ့ပြိုင်ပွဲသည် လူငယ်အားကစားသမားများ အပေါ် မျှော်မှန်းချက်၊ ယုံကြည်ချက်နှင့်အတူ ပြည်နယ်အတွက် အားကိုးအားထားပြုရမည့် ပြိုင်ပွဲတစ်ခုပင်ဖြစ်ပါကြောင်း၊ ထို့အတူ ပြိုင်ပွဲဝင်အသင်းပေါင်း (၂၅)သင်းမှ လူဦးရေ (၃၅၀)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည့်အတွက် ပြည်နယ်အတွက်လိုအပ်သည့် ဖူဆယ်အားကစားသမားကောင်းများ ပေါ်ထွက်လာမည်ဟုလည်း ယုံကြည်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုလိုပြိုင်ပွဲများ ကျင်းပ နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အပြင် အားကစားနည်းအလိုက် ပြိုင်ပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပပြုလုပ်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲအတွက် ချီးမြှင့်ငွေကျပ် (၇၅)သိန်းကို မြို့နယ်စီမံခန့် ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌထံလည်းကောင်း၊ ဘင်ခရာအဖွဲ့နှင့် သရုပ်ပြဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ဆိုင်းဘုတ်ကိုင်များအတွက် ချီးမြှင့်ငွေများကို လည်း ကောင်းပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်း (၂၅)သင်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့်ကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး လီဆူရိုးရာအကအဖွဲ့က တေးသီချင်းသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ အဖွင့်ပွဲစဉ်အဖြစ် မြို့သစ်ကြီးဖူဆယ်အသင်းနှင့် ရှဒေါင်/ အကျဲကျေးရွာဖူဆယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်အသီးသီးမှ ဘောလုံး အားကစားဝါသနာရှင်များ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြ သည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာပေါင်း (၂၈) ခုမှ ဖူဆယ်ဘောလုံးအသင်းပေါင်း (၂၅) သင်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အုပ်စု (၈) ခုခွဲ၍ ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ပြိုင်ပွဲတွင်ဆုရရှိသည့် ပထမ၊ ဒုတိယနှင့် တတိယဆုရ အသင်းများအား တံခွန်စိုက်ဆုဖလားအပြင် ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)