ပုသိမ် ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ ဘုရားငုတ္တိုကျေးရွာအုပ်စု၊ သပြေကွင်းကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သပြေကွင်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ် ဆက်လက်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်၍ ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီတာများနှင့် လျှပ်စစ်မီးသုံးစွဲနေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးအား စနစ်တကျ သုံးစွဲစေရေးမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ကညင်ငူကျေးရွာအုပ်စု၊ ရေကျော်ကုန်းကျေးရွာ တောင်သူဦးသန်းဇော်ဦး၏ စိုက်ဧက(၅)ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းအား စနစ်တကျရေပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေရေး မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်၊ အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာရှိ တောင်သူ(၁၈၆)ဉီး၏ စိုက်ဧက(၄၅၆)ဧကတွင် ဆီတိုးပဲပုပ်မျိုးရိတ်သိမ်းခြွေလှေ့နေမှုများနှင့် ပဲပုပ်ရိတ်သိမ်းပြီး၍ ပဲကြီးပင်ကျန်ရှိမှုများကို ကြည့်ရှုအားပေးပြီး တစ်ဧကအထွက်နှုန်းများ၊ ဈေးကွက်အတွင်း ရောင်းချရမှုအခြေအနေများကို မေးမြန်းခဲ့ပြီး ရိတ်သိမ်းချိန်လေလွင့်မှုမရှိစေရေး၊ ပဲပုတ်ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ မျိုးကောင်းမျိုးသန့် ပဲပုတ်မျိုးစေ့များ ပြန်လည်ရွေးချယ်အသုံးပြုစိုက်ပျိုးနိုင်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်၊ အင်္ဂပူမြို့နယ်၊ ခြောက်ရွာကျေးရွာတွင် ပဲတီစိမ်း-ပဲကြီး၊ မတ်ပဲ-ပဲလွန်း၊ ပဲပုပ်စိုက်ပျိုးထားရှိမှုများနှင့် တောင်သူ(၅၄)ဦး၏ စိုက်ဧက(၉၀)ဧကတွင် ဆင်းရွှေကြာ(၂)နေကြာမျိုး ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးပြီး နေကြာလျာထားစိုက်ဧကများပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ ပိုးမွှားမကျရောက်စေရေး၊ နေကြာပန်းပွင့်များ ဝတ်မှုန်ကူးခြင်းများအတွက် ပျားပုံးများထားရှိ၍ စနစ်တကျဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)