ကျွန်းစု ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံးသည် ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် အသိပေးနှိုးဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” မြေစိုက် ပိုစတာကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်က ကျွန်းစုမြို့၊ အမှတ် (၁) ရပ်ကွက်၌ စိုက်ထူသည်။
မြေစိုက်ပိုစတာတွင် ဒို့အတူတူ မဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဆောင်ပုဒ်နှင့် ကျင်းပမည့်နေ့ရက်များပါရှိပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ပိုစတာအား စိုက်ထူခဲ့ကာ မြို့အဝင်ဆိပ်ကမ်းရှိ ခရီးသွားပြည်သူများအား “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ဆောင်ပုဒ်ဖြင့် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ အချက်(၄)ချက်ပါရှိကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)