လဲချား ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက်နေ့၌ ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် အသိပေးနှိုးဆော်သည့် ‘‘ ဒို့အတူတူ မဲပေးကြမယ်’’ မြေစိုက်ပိုစတာ(Bill Board) စိုက်ထူခြင်းကို ယနေ့နံနက် ၁၁ နာရီက အမှတ်(၄)ရပ်ကွက်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှေ့ လူစည်ကားရာနေရာတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ‘‘ဒို့အတူတူ မဲပေးကြမယ်’’ မြေစိုက်ပိုစတာကို လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်၊ လဲချားမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကျော်တို့က မြေစိုက်ပိုစတာ(Bill Board)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အမွှေးနံ့သာရည်များပက်ဖြန်းဖွင့်လှစ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လဲချားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများတွင် မြန်မာဘာသာ၊ ပအို့ဝ်ဘာသာ၊ ရှမ်းဘာသာဖြင့် ထုတ်ဝေထားသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)