တာလေ ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းမရရှိခြင်း၏အကြောင်းအရာများကို သိရှိနိုင်ရေးအတွက် စစ်တမ်းကောက်ယူခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက တာလေမြို့၊ မိုင်းလင်း (အရှေ့)ကျေးရွာအုပ်စုနှင့် မိုင်းလင်း(အနောက်) ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံးများ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမိုးကျော်စွာဝင်းက စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ တောင်သူများအားရှင်းလင်းပြောကြားခဲ့ပြီး တာလေမြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စုနှင့် မိုင်းလင်း(အနောက်)ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံတို့ကို စစ်တမ်းများ ကောက်ယူခဲ့ကြသည်။
အဆိုပါ စစ်တမ်းကောက်ယူခြင်းဆောင်ရွက်မှုကို တာလေမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းနှင့် ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံများ ပန်းတိုင်ရည်မှန်းချက်အတိုင်း အထွက်နှုန်းမကောင်းရခြင်းအကြောင်းအရာများ စစ်တမ်းကောက်ယူရန်ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများရှိ တောင်သူများ ဆက်လက်၍ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)