မန္တလေး ဇန်နဝါရီ ၂
မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များ၌ သံဃာတော်အရှင်သူမြတ်များက နှစ်ဦး ပရိတ်တရား တော်များကို ယမန်နေ့ ညနေ ၃ နာရီမှ စတင်၍ သုံးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်မည် ဖြစ်ကြောင်းသိရသည်။
နှစ်ဦးပရိတ်တရားတော်များကို မန္တလေးတိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူပြည် သူအများ အန္တရာယ်ကင်းရှင်းစေရန်နှင့် COVID-19 ရောဂါ ကပ်ဘေးအန္တရာယ် ကျရောက်ခြင်းမှ ကင်းလွတ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားဥစ္စာများ ပေါကြွယ်ဝစေခြင်း အကျိုးတရားများကို ရည်ရွယ်၍ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များ၌ ပရိတ်တရားတော်များကို ဇန်နဝါရီ၁ရက်၊ ၂ရက်၊ ၃ရက်နေ့များတွင် သုံးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ရာ ယနေ့ဇန်နဝါရီ၁ရက်နေ့ ပထမရက်တွင် အောင်မြေသာစံမြို့နယ် စလင်းဝိဘဇ္ဇဝါဒီ ကျောင်းတိုက်ဆရာတော် အမှူးထား၍ သံဃာတော်အရှင်သူမြတ်အပါး (၃၀) တို့က ချမ်းအေးသာစံမြို့နယ် ဈေးချိုနာရီစင်အနီး၌လည်းကောင်း၊ အောင်မြေသာစံမြို့နယ် မင်္ဂလာတံတားအနီးနှင့် မန္တလေးတောင်ခြေ၊ ခြင်္သေ့ကြီးနှစ်ကောင်အနီးရှိ အောင်မြေမဟာ ဗောဓိပင် ဆုတောင်းပြည့်ဘုရား တို့၌လည်းကောင်းလှည့်လည်ကြွရောက်၍ ပရိတ်တရားတော် များကို ရွတ်ဖတ်ပူဇော်ကြသည်။
ဒုတိယရက်ဖြစ်သော ဇန်နဝါရီ၂ရက်နေ့၌ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးဝန်းကျင်၊ ပုသိမ်ကြီးမြို့ နယ်ရှိ ပြင်ဦးလွင်အတက် ဘိုးဘိုးကြီးနတ်နန်းအနီး၊ အမရပူရမြို့နယ်ရှိ အိုးတော် ရပ်သံလမ်းဆုံအနီး၊ မဟာ အောင်မြေမြို့နယ် ဥပေစိဘုရားတောင်ဘက်အနီး တို့တွင်လည်း ကောင်း၊ တတိယရက် ဇန်နဝါရီ၃ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် နာရီစင်အနီးနှင့် ရန်ကင်း တောင်ဘုရားအနီး၊ပြည်ကြီးတံခွန်မြို့နယ် အင်းခရုဘုရားတို့တွင် လည်းကောင်း ပရိတ်တရား တော်များကို သံဃာတော်အရှင်သူမြတ်တို့က ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။
နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြရာတွင် ဆရာတော်သံဃာတော်များက COVID-19 ညွှန်ကြားချက် များနှင့်အညီ ရွတ်ဖတ်ပူဇော်ကြပြီး ပြည်သူများကလည်း COVID-19 ညွှန်ကြားချက်များနှင့်အညီ တရားတော် များကို နာယူကြည်ညိုနိုင်ကြကြောင်းသိရသည်။
ဇော်လင်းဦး (အောင်စံ)