ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် MSME ထုတ်ကုန်များပြပွဲ အခမ်းအနားသို့တက်ရောက်ချီးမြှင့်

ဟားခါး ဒီဇင်ဘာ ၁၇

ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် MSME ထုတ်ကုန်များပြပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့နယ် စုပေါင်းရုံးဝန်းအတွင်းရှိ MSME ပြခန်းနေရာ၌ကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဟားခါးမြို့နယ်အတွင်းရှိ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှတို့က ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် MSME ထုတ်ကုန်များပြပွဲ အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ယနေ့ကျင်းပပြုလုပ်သည့် MSME အဖွဲ့သည် ချင်းပြည်နယ်စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ခုဖြစ်ပါကြောင်း၊ ချင်းပြည်နယ်ဟာ သဘာဝအလှတရားများနှင့် ပြည့်စုံ နေသည့် ပြည်နယ်တစ်ခုဖြစ်သော်လည်း တောင်ကုန်းတောင်တန်းများကြားမှာရှိသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိန်ခေါ်မှုများစွာရှိကြောင်း၊ ၎င်းစိန်ခေါ်မှုများ ကျော်လွှားပြီး ဒေသခံတောင်သူများ၏ လုပ်အားသက်သာ၍ ထုတ်လုပ်မှုနှုန်းနှင့် အရည်အသွေး မြင့်မားလာစေ ရန်အတွက် ခေတ်မီနည်းပညာများနှင့် စက်ကိရိယာများသည် မရှိမဖြစ် အရေးပါလှသဖြင့် ယခုကဲ့သို့အရေးပါသည့် နည်းပညာများနှင့် စက်ကိရိယာများကို တိုက်ရိုက်လက်တွေ့ကြည့်ရှုနိုင်ပြီး သိရှိ နားလည်အသုံးချသည့် အခွင့်အရေးကောင်းများရရှိလာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအနေဖြင့် ပြသထားသောနည်းပညာနှင့် စက်ကိရိယာများကို စေ့စေ့စပ်စပ်လေ့လာပြီး မိမိတို့၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် အကျိုးရှိရှိ အသုံးချ နိုင်မည်ဟုမျှော်လင့်ပါကြောင်း၊ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဝမ်းစာဖူလုံနိုင်ရေးအတွက် သီးနှံစိုက်ဧကတိုးချဲ့ရမည်၊ အထွက်နှုန်းကောင်းသည့်မျိုးနှင့် စိုက်ပျိုးနည်းစနစ်များ ပြုပြင်ပြောင်းလဲရမည်၊ သို့မှသာ လယ်ယာသီနှံထုတ်ကုန်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ပြီး မိသားစုစီးပွားရေးများ ကောင်းမွန်လာမည်ဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးနှင့် ပြည်နယ်ဝန်ကြီးများသည် ပြခန်းအားလှည့်လည်ကြည့်ရှုလေ့လာပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူများကပြသထားသည့် ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် MSME ထုတ်ကုန်တစ်ခုချင်းစီအလိုက် ပြသရှင်းလင်းပြီး ရိုးယဉ်ကျေးမှုအကအဖွဲ့၏ ကပြဖျော်ဖြေပေးနေမှုကို ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)