ကြံခင်းမြို့နယ်အတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးနှင့် စပ်လျဥ်း၍ စစ်တမ်းများ ကောက်ယူဆောင်ရွက်လျက်ရှိ

ကြံခင်း ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ယမန်နေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများဦးဆောင်ပြီး ရပ်ကွက်၊ ကျေးရွာ၊ အုပ်စုများမှ တောင်သူများဖြင့် ပူးပေါင်းကာ ပန်းတိုင်အထွက် နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးနှင့်စပ်လျဥ်း၍ တောင်သူများအား ပန်းတိုင်ရည်မှန်းချက်/ အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများအား စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုလက်ထောက်ဦးစီးမှူးများက ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာ ၂၅၁ ရွာရှိ တောင်သူ ၆၀၀ ဦးအား အုပ်စုများခွဲ၍ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးဖြစ်သော မိုးစပါး၊ နွေစပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဥ်းငုံ၊ ချည်မျှင်ရှည်ဝါ၊ ချက်ကြံရင့်တို့အား အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြည့်ပြည့်စုံစုံမရခြင်း/ မျိုးမကောင်းခြင်း (ရ၊ မရ)၊ မြေပြုပြင်မှုအားနည်းခြင်း/ မြေပြုပြင်ရန်လိုအပ်ခြင်း (လို၊ မလို)၊ လိုအပ်သည့် ဓာတ်မြေသြဇာ/ သဘာဝမြေသြဇာ ပြည့်ပြည့်ဝဝမထည့်နိုင်ခြင်း (ထည့်နိုင်၊ မထည့်နိုင်)၊ မိုးကောင်းရေသောက် မိုးရေလုံလောက်စွာ မရရှိခြင်း/ စိုက်ပျိုးရေလုံလောက်စွာမရရှိခြင်း (ရှိ၊ မရှိ)၊ အောင်ရေမရရှိခြင်း/ မလုံလောက်ခြင်း (ရှိ၊ မရှိ)၊ ကောက်စိုက်သမအခက်အခဲရှိခြင်း၊ ငှားရမ်းခစျေးကြီးခြင်း (ကြီး၊ မကြီး)၊ ကောက်ကွက်ပြည့်အောင် မစိုက်နိုင်ခြင်း/ပင်ကြားတန်းကြား အပြည့်မစိုက်နိုင်ခြင်း (စိုက်နိုင်၊ မစိုက်နိုင်)၊ ပန်းတိုင်အထွက်နှုန်း (ရရှိခြင်း၊ မရရှိခြင်း)နှင့် ၁ ဧကလျာထားအထွက်နှုန်းထွက်ရှိမှု (ရှိ/မရှိ)တို့ကို မေးမြန်းကာစစ်တမ်းများ ကောက်ယူခဲ့ကြသည်။

ထိုကဲ့သို့ မေးမြန်းစစ်တမ်းများကောက်ယူခြင်းများကို မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာဆိုင်ရာအကြီးအကဲများနှင့် ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)