ဟိုပုံး ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် Door to Door မြေပြင်ကွင်းဆင်းစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းအပြင် နေရပ်လိပ်စာပါအတိုင်း သက်ဆိုင်ရာမဲရုံများတွင် မဲပေးနိုင်ရေးပြင်ဆင်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှု၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် အားလုံးပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးအောင်ကျော်သူက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် MEVM မဲပေးစက်များ ဖြန့်ခွဲပေးပို့ထားရှိမှု၊ နည်းပညာအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် မဲဆန္ဒရှင်အမျိုးအစားအလိုက် ကြိုတင်မဲပေးနိုင်ရေးစီစဉ်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)