ပုသိမ် ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများ သန့်ရှင်းသောသောက်သုံးရေပိုမိုရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်န်နေ့နက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးသည် မြစ်ချောင်းအင်းအိုင်ပေါများသော တိုင်းဒေသကြီးဖြစ်ပြီး ကျေးလက်ဒေသတွင် နေထိုင်သူ (၈၅) ရာခိုင်နှုန်းရှိပါကြောင်း၊ နိုင်ငံတော်မှ ကျေးလက်ဒေသတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ဘဏ္ဍာနှစ်အလိုက် လျာထား အကောင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မိမိတို့တိုင်းဒေသကြီးသည် ကောင်းမွန်သောရေအရင်းအမြစ်မှ ရေရယူသုံးစွဲနိုင်မှုရာခိုင်နှုန်းသည် မြို့ပြနှင့်ကျေးလက်ဒေသစုစုပေါင်းတွင် ၇၅% သာရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ ယခုထက်ပိုမို၍ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ပေးရန်လိုအပ်လျက်ရှိပြီး တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့ပြနှင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရှိရေးအတွက် အိမ်တိုင်ရာရောက် ရေသွယ်စနစ်များ၊ မိုးရေလှောင်ကန်များ၊ မြေသားရေလှောင်ကန်များ၊ မြေအောက်အဝီစိတွင်းများ တူးဖော်၍ ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာအားလုံးအတွက်ရရှိနိုင်ရန် လိုအပ်နေသေးပါကြောင်း၊ တိုင်းဒေသကြီးအတွင်း သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကိုဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ ပြည်သူများကလည်း သန့်ရှင်းသောသောက်သုံးရေနှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိပြီး မြစ်ချောင်းများအတွင်း စည်းကမ်းမဲ့အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်းများ၊ အမှိုက်စွန့်ပစ်မှုများ မရှိစေရန် လိုက်နာဆောက်ရွက်ကြရမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သန့်ရှင်းသောသောက်သုံးရေရရှိမှု တိုးတက်စေရေးနှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ဆွေးနွေးပွဲကိုပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက မြို့နယ်အလိုက် ကျေးလက်ရေရရှိရေးဆောင်ရွက်ပေးရမည့် အစီအမံများအားလည်းကောင်း၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ ဧရာဝတီတိုင်း ဒေသကြီး၏ရေရရှိရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ အခြေအနေအား လည်းကောင်း၊ အခြေခံပညာဦးစီးဌာနမှ စာသင်ကျောင်းများတွင် ရေရရှိရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ အခြေအနေများအားလည်းကောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ရေနှင့်ဆက်စပ်ဖြစ်ပွားတတ်သောရောဂါများနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေး၏ အရေးပါမှုများအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီး အတွင်းရှိ မြို့အလိုက်ရေပေးဝေရေးအတွက် ရေရယူသည့် အရင်းအမြစ်များ၊ ရေသန့်စင်နည်းစနစ်များ၊ ရေပေးဝေရေးစနစ်များ၊ လည်ပတ်ထိန်းသိမ်းမှုနှင့်တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများအားလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းမှုအခြေအနေ၊ စိုက်ပျိုးရေ၊ သောက်သုံးရေအတွက် ဆည်မြောင်းတမံစသည့် ရေပေးဝေရေးဆိုင်ရာ အခြေခံအဆောက်အအုံများမှ ရေရယူသုံးစွဲနိုင်မှု အခြေအနေများအားလည်းကောင်း၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာတွင် ကျေးလက်နေ ပြည်သူများ ကိုယ်တိုင်အောင်မြင်စွာ လည်ပတ်ထိန်းသိမ်းဆောင်ရွက်နေသော ကျေးလက်ရေရရှိရေးနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်အကြောင်းကိုလည်းကောင်း၊ အသင်းအဖွဲ့များနှင့်မိတ်ဖက်အဖွဲ့များက ကျေးလက်ရေရရှိရေး၊ ရေသန့်စင်စနစ်များ၊ ကျန်းမာရေးနှင့်တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာများအားလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်းသိရသည်။
လှမင်းထွဋ်