မိုင်းဖြတ် ဇန်နဝါရီ ၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံတော်မှထောပ်ပံ့ငွေ တစ်ကြိမ်မှ မရှိသေးသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၁၅)စုအတွက် အခြေခံစားကုန်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်က ဟိုနားစောမွန်ကျေးရွာရှိ တော်ဝင်ခမ်း ဆီပန့်၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသက်လွင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနားများတွေ့ရှိမှုနှင့် ရောဂါကူးစက် ပြန့်ပွားမှုများ ဆက်လက်မဖြစ်ပွားအောင် ထိန်းချုပ်နိုင်မှုနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး အလှူရှင် ဦးကြည်မြင့်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အလှူရှင်များဖြစ်ကြသည့် တာချီလိတ်မြို့နေအလှူရှင် ဦးကြည်မြင့်နှင့် ဇနီး ဒေါ်နန်းခမ်း “တော်ဝင်ဆီပန့်” မိသားစု၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစိုင်းကျောက် နှင့်ဦး အားကို၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ဦးသက်လွင်နှင့် ကော်မတီဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းပြည့်နှင့် ဌာနဆိုင်ရာများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ငွေတစ်ကြိမ်မှ မရရှိသေးသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများဖြစ်ကြသည့် ဝမ်ပုံ၊ ဝမ်ယန်း၊ ဟိုနား(လားဟူ၊ အာခါ၊ စောမွန်၊ ရှမ်း)ကျေးရွာတို့မှ အိမ်ထောင်စု ၁၁၀စုအား ဆန် (၁၀)ကီလိုနှင့် အခြေခံစားကုန် များ၊ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သန်းထွန်းအေး (ပြန်/ဆက်)