လေ့လာစောင့်ကြည်သုတေသနအဖွဲ့မှ ရှမ်းပြည်နယ်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၊ စားသုံးဆီဖြန့်ဖြူးရောင်းချနေသည့် လက္ကား/လက်လီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

တောင်ကြီး ဒီဇင်ဘာ ၁

ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ လေ့လာစောင့်ကြည့်သုတေသနအဖွဲ့နှင့် ဆီတင်သွင်းသည့် ကုမ္ပဏီများ၊ လက္ကား/လက်လီကိုယ်စားလှယ်များနှင့် တွေဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဇော်က လက်လီကိုယ်စားလှယ်များအနေနှင့် ဆီဖြန့်ဖြူး‌ရေးကိစ္စရပ်များ ဆောင်ရွက်ကြသည့်အခါမှာ မှန်(၆)မှန်ဖြစ်သည့် ရောင်းချသည့်နေရာ၊ ရောင်းချသည့်ကိုယ်စားလှယ်၊ ရောင်းချသည့်အချိန်၊ ရောင်းချသည့်ဈေးနှုန်း၊ အချိန်အတွယ်နှင့် ဆီအရည်အသွေးတွေ မှန်ကန်စွာဖြစ်စေရေး ဂရုစိုက်ဆောင်ရွက်ပေးကြဖို့ မှာကြားခဲ့သည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုလည်း စတင်ကျင်းပတော့မှာဖြစ်ပါကြောင်း၊ ဒါကြောင့် ဒီအချိန်ဒီကာလဟာ အရေးကြီးတဲ့အချိန်ကာလဖြစ်ပါကြောင်း၊ ပြည်သူလူထုထံသို့ စားသုံးဆီများ အပြည့်အဝမှန်မှန်ကန်ကန်ရောင်းချပေးဖို့ မလိုလားအပ်သည့်ပြဿနာများ အမှားအယွင်းမဖြစ်ပေါ်ဖို့ အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အခက်အခဲပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်ပါကလည်း ချက်ချင်းလက်ငင်း ဝိုင်းဝန်းအဖြေရှာ ဖြေရှင်းပေးကြရန်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ လေ့လာစောင့်ကြည်သုတေသနအဖွဲ့ခေါင်းဆောင် ဦးပိုင်ဖြိုးသန့်က စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်များကို ချပြရှင်းလင်းပေးခဲ့သည်။ ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူက ရှမ်းပြည်နယ်အတွင်း စားသုံးဆီဖြန့်ဖြူးမှုနှင့် ကြီးကြပ်ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် စားအုန်းဆီတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီမှတာဝန်ရှိသူများ၊ လက္ကား/လက်လီ ကိုယ်စားလှယ်များနှင့် တက်ရောက်လာသူများက ပါဝင်ဆွေးနွေးတင်ပြခဲ့ကြပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးမောင်မောင်ဇော် က ဆွေးနွေးတင်ပြပေးခဲ့ကြသည့်အချက်များ ဖြေကြားခဲ့ပြီး တွေ့ဆုံပွဲကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(‌တောင်ကြီး)