နမ့်စန်(တ) ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒနယ်အလိုက် ကြိုတင်ဆန္ဒမဲပေးမည့်သူများအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များကို ယမန်နေ့ နံနက် ၁၀ နာရီမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်၊ အတွင်းရေးမှူး ဒေါ်မျိုးမျိုးအောင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့အတွင်းရှိ မဲရုံများမှ ကြိုတင်ဆန္ဒမဲပေးမည့်သူများအတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးစုလွှတ်တော်တို့အတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များ၊ ကြိုတင်မဲပုံးနှင့်ဆက်စပ်ပစ္စည်းများကို ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင်ခိုလမ်မြို့အပါအဝင် ရပ်ကွက် ၁၁ ခုနှင့် ကျေးရွာအုပ်စု ၂၀ ခုတို့၌ ဒုတိယအကြိမ်မဲစာရင်း ကြေညာမှုအရဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၈၄၉၁၁ ဦးကျော်ရှိပြီး သက်ကြီးရွယ်အို မဲဆန္ဒရှင်များ၊ ဆေးရုံတက်ရောက်နေသူများ၊ အချုပ်ခံနေရသူများ၊ နိုင်ငံ့တာဝန်ဖြင့်မဲဆန္ဒနယ်ကျော်လွန်၍ ခရီးသွားမည့်နိုင်ငံ့ဝန်ထမ်းများ၊ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့်သူများစသည့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် ဒီဇင်ဘလ ၁၈ ရက်မှ ၂၅ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)