မင်းတပ် ဇန်နဝါရီ ၂
ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနအစီအစဉ်ဖြင့် ချင်းပြည်နယ်ရှိ မြို့နယ် (၃) ခုတွင် ရေမြေဒေသရာသီ ဥတုနှင့် ကိုက်ညီ မှုရှိမရှိ စမ်းသပ်စိုက်ပျိုးရာ မင်းတပ်မြို့နယ်၌သာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မင်းတပ်ခရိုင် စိုက်ပျိုးရေး ဦးစီး ဌာနမှ သိရသည်။
စမ်းသပ်စိုက်ပျိုးသည့်စပါး(၄) မျိုးတွင် သက်တမ်းစပါးဖြစ်သည့် ဘာစမာတီ(အိန္ဒိယ)၊ ဘာစမာတီ (ပါကစ္စတန်)၊ ရာသီစပါးဖြစ်သည့် မှော်ဘီ(၂) နှင့် သလေးစပါး (၄) မျိုးလုံးကို (၁.၁၄) ဧကတွင် အကွက်ငယ် ဖြင့် မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာရှိ လယ်ကွက်တွင် စမ်းသပ်စိုက်ပျိုးလျက်ရှိသည်။
ဘာစမာတီ(အိန္ဒိယ)စပါးကို အကွက်ငယ်စိုက်ဧက (၀.၄၉) တွင် စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အထွက်နှုန်းတင်း(၃၀)၊ ဘာစမာတီ(ပါကစ္စတန်) စပါးကို အကွက်ငယ်စိုက်ဧက(၀.၂၇) တွင် စမ်းသပ်စိုက်ပျိုးရာ အထွက်နှုန်း(၁၅)တင်း၊ မှော်ဘီ(၂) စပါးကို အကွက်ငယ်စိုက်ဧက(၀.၁၇)တွင် စမ်းသပ်စိုက်ပျိုးရာအထွက်နှုန်း(၁၈) တင်း၊ သလေးစပါးကို အကွက်ငယ်စိုက် ဧက(၀.၂၁) တွင် စမ်းသပ်စိုက်ပျိုးရာ အထွက်နှုန်း(၁၄.၅)တင်းထွက်ရှိကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အဆိုပါစပါးမျိုးစေ့များကို မင်းတပ်၊ ဟားခါးနှင့် ထန်တလန် မြို့နယ်များတွင် စမ်းသပ် စိုက်ပျိုးလျက်ရှိရာ ဟားခါးနှင့်ထန်တလန်မြို့နယ်တို့တွင် အောင်မြင်ဖြစ် ထွန်းမှုမရှိကြောင်း မင်းတပ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဒေါ်လိန်းအွယ်ယထံမှ သိရသည်။
ခွီရှိန်းမောင်း (မင်းတပ်)