ကယားပြည်နယ်ဝန်ကြီးချုပ်စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

လွိုင်ကော်      ဒီဇင်ဘာ    ၁၈

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး  အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်အဖွဲ့ဝင်များ ယမန်နေ့နံနက်က လွိုင်ကော်မြို့ လင်ဖုံလေးကျေးရွာ စံပြစိုက်ခင်း၌ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိမှု၊ နွားလဝိုးကျေးရွာအုပ်စုတွင် အစေ့ထုတ်ပြောင်းသီးနှံ ပွဲရုံလုပ်ငန်းများလည်ပတ် လုပ်ကိုင်နေမှုနှင့် အခြေခံပညာကျောင်းများ ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လင်ဖုံကျေးရွာ၊ လင်ဖုံလေးပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိကာ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းဝင်းအတွင်း သိမ်တော် အမိုး၊ မျက်နှာကြက်နှင့် လျှပ်စစ်မီးများ ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ လင်ဖုံလေးကျေးရွာ စံပြဟင်းသီးဟင်းရွက်စိုက်ခင်းတွင် သီးနှံများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများနှင့် ဆီနေကြာသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သီးနှံများအထွက်နှုန်းကောင်းမွန်စေရေး၊ သီးနှံအဖျက်ပိုးမွှားများ ကျရောက်မှုမရှိစေရေး၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးသုံးစွဲမှုများ စနစ်ကျမှန်ကန်မှုရှိစေရေး ဌာနတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးရန်နှင့်  ပြည်နယ်အတွင်းစားသုံးမှုဖူလုံပြီး ပြည်နယ်ပြင်ပသို့တင်ပို့ရောင်းချနိုင်သည်အထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် တောင်သူများအား မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပဒါးညေးကျေးရွာရှိ အစေ့ထုတ်ပြောင်းပွဲရုံများသို့ ရောက်ရှိကာ ပြည်နယ်၏ အဓိက ထွက်ကုန်တစ်ခု ဖြစ်သည့် အစေ့ထုတ်ပြောင်းများ ပြည်နယ်ပြင်ပသို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းရှင်များက ပွဲရုံလုပ်ငန်းများလည်ပတ်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က သီးနှံများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ထုပ်ပိုးမှု စနစ်တကျဖြစ်စေရေးနှင့် သယ်ယူပို့ဆောင်မှုများ အဆင်ပြေစေရေး စီမံဆောင်ရွက်ပေးရန်  တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လင်ဖုံလေးကျေးရွာ၌ ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့် ဆောင်ရွက်လျက်ရှိသည့် လင်ဖုံလေးအခြေခံပညာအလယ်တန်းကျောင်း အလျားပေ ၉၀ ၊ အနံ ပေ ၃၀ ၊ အလျား ပေ  ၆၀ အနံ ပေ ၃၀  စသည့် ကျောင်းဆောင်များ ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်နှင့် ပြုပြင်ပြီးစီးပါက ကျောင်းဆောင်များရေရှည်အသုံးပြုနိုင်ရေး ရပ်ရွာပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားသည်။

ထို့နောက် ကုန်းသာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိကာ အကြမ်းဖက် သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်း‌ဆောင်များအား ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ပြုပြင်ရန်လိုအပ်သည့် ကျောင်းဆောင်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်အရည် အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးအောင်ဆောင်ရွက်ရန်နှင့် ကျောင်းသုံးပရိဘောဂများ၊ စာသင်ခုံများအား ပျက်စီးပျောက်ဆုံးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။  

ပြည်နယ်(ပြန်/ဆက်)