မူဆယ် ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ အလုပ်သမားအများစုရှိသော နေရာများသို့ ကွင်းဆင်း၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ညနေပိုင်းတွင် ဆင်ဖြူဈေးကော်မတီရုံးခန်း၌ အနီးပတ်ဝန်ကျင်ရှိ အလုပ်လုပ်ကိုနေသည့် ဆိုင်ပိုင်ရှင်များ၊ အလုပ်သမားအမျိုးသမီးငယ်များအား တွေ့ဆုံ၍ တစ်ဦးချင်း၏ လိုအပ်ချက်များကို မေးမြန်းကာ မကျေနပ်ချက်များရှိပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ ရုံးဌာနများကို ပြောကြားခဲ့သည်။
အဆိုပါလုပ်ငန်းများကို အဖွဲ့နှစ်ဖွဲ့ခွဲ၍ မူဆယ်မြို့ပေါ်ရပ်ကွက်များရှိ အလုပ်သမားအများနှင့် ဆောင်ရွက်ရသည့် အလုပ်ရုံ၊ စက်ရုံ၊ ရိုးရာအနှိပ်ခန်းများ၊ KTV၊ SPA၊ စူပါမားကက်များ၊ ဆံပင်ညှပ်ဆိုင် အစရှိသော နေရာများသို့ ကွင်းဆင်း၍ အသိပညာပေးဟောပြောခဲ့ပြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အလုပ်ရုံပိုင်ရှင်များ၊ ဆိုင်ရှင်များနှင့် အလုပ်သမားများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)