ကာလိ ဒီဇင်ဘာ ၁၈
ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ရှိ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းမျာက မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကာလိနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲမင်းဟိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများတို့ကပူးပေါင်း၍ ရပ်ကွက်တွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များတွင် မီးသတ်ဆေးဘူးများ ပြည့်စုံလုံလောက်စွာထားရှိမှု ရှိ/မရှိ၊ စက်သုံးဆီ အပိုသိုလှောင်ထားရှိမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ သက်တမ်းကျော်လွန်မှု ရှိ/မရှိ၊ လျှပ်စစ်ဝါယာကြိုးများနှင့် လျှပ်စစ်မိန်းခုံများကောင်းမွန်မှု ရှိ/မရှိ၊ အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် ရေလှောင်ကန်များထားရှိမှုတို့ကို လိုက်လံစစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေးဆိုင်ရာများနှင့် လိုအပ်သည်များကို အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများပြုလုပ်ခြင်းဖြင့် ပြည်သူများ မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲမင်းဟိန်းထံမှ သိရသည်။
စည်သူ(ပြန်/ဆက်)