တောင်သာ ဒီဇင်ဘာ ၁၈
တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မီးဘေးအတွက်ကြိုတင်ပြင်ဆင်ရန်နှင့် ဆောင်ရန်/ ရှောင်ရန် အချက်များ၊ မီးငြိမ်းသတ်ရန် ပစ္စည်းများဖြစ်သော မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲအိတ်များ၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိရန်၊ အရေးပေါ်အချိန်တွင် သယ်ယူမည့် ပစ္စည်းများ၊ အရေးကြီး စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားရန်၊ အိမ်နှင့်ပတ်ဝန်းကျင်တွင် မီးလောင်လွယ်သော ပစ္စည်းများ၊ လောင်စာဆီများ၊ အမှိုက်များကို ရှင်းလင်းထားရန်၊ လျှပ်စစ်မီး၊ ဂက်စ်မီး၊ ထင်းမီး၊ မီးသွေးဖိုးများ အပါအဝင် မီးသုံးစွဲလျှင် အမြဲသတိရှိရန်နှင့် ငလျင်ဘေးအတွက် ငလျင်လှုပ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ကြောက်ရွံ့ထိတ်လန့်မှုမရှိပါနှင့် သတိရှိပါ၊ တည်ငြိမ်မှုရှိပါ၊ ၅ စက္ကန့်အတွင်း အဆောက်အအုံအပြင်သို့ ရောက်နိုင်ပါက ပြေးထွက်ပါ၊ မရောက်နိုင်ပါက ဘေးကင်းသောနေရာတွင် (ဝပ်ကာကိုင်) ပုံစံဖြင့်နေရမည်ဖြစ်ကြောင်း ဟောပြောခဲ့ပြီး၊ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၆၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)