ကျိုင်းတုံ ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ပူးပေါင်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းဒေသရှိ ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ချယ်ရီပန်းပွဲတော်(ပဥ္စမအကြိမ်)ကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ လွိုင်မွေတောင်စခန်း စတုရဋ္ဌသုမင်္ဂလာစေတီတော်အနီး ချယ်ရီပင်တန်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
လွိုင်မွေဒေသ ချယ်ရီပန်းပွင့်ချိန်တွင် ပြည်သူများလာရောက်ကြည့်ရှုဓာတ်ပုံရိုက်လေ့ရှိပြီး လွိုင်မွေဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းဒေသရှိ ချယ်ရီပန်းများရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်မှ စတင်၍ နှစ်စဉ် ဆောင်းရာသီကာလ ချယ်ရီပန်းများပွင့်ချိန် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများအတွင်း ရက်သတ်မှတ်ကာ ချယ်ရီပန်းပွဲတော်ကျင်းပလာခဲ့ရာ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်။ ချယ်ရီပန်ပွဲတော်တွင် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ရှမ်း၊ အာခါ၊ လားဟူ၊ ‘ဝ’၊ လီဆူ၊ လွယ်၊ အားခေ တိုင်းရင်သားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း၊ ဒေသထွက်အမှတ်တရ ရိုးရာပစ္စည်းအရောင်းဆိုင်များ၊ ဒေသထွက်ဝိုင်များ၊ အစားအစာများ၊ MSME လုပ်ငန်း ဒေသထွက်ကုန်များကို ပြခန်းများဖြင့် ပြသ၊ ရောင်းချပေးခြင်းတို့ပါဝင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ကျိုင်းတုံ)ရုံးမှ သိရသည်။
မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ အဆိုပါရာသီတွင် ချယ်ရီပန်းများပွင့်ကြသော်လည်း လွိုင်မွေချယ်ရီပန်းများဒေသကဲ့သို့ အများအပြား အစုလိုက်အပြုံလိုက် ပွင့်သောနေရာ ရှားသည်။ ထို့အပြင် လွိုင်မွေတောင်စခန်းမြို့ အတက်/အဆင်းလမ်းဘေးဝဲယာနှင့် ကန်ပတ်လည်တို့တွင် ချယ်ရီပင်များထပ်မံစိုက်ပျိုထားရှိပြီး ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လွိုင်မွေတောင်စခန်းမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်သည် ပေ ၅၅၄၂ တွင် တည်ရှိပြီး အထင်ကရ လွိုင်မွေရေကန်၊ နှစ်တစ်ရာစံအိမ် စသည့် အမှတ်တရ ဓာတ်ပုံရိုက်ကူးသည့်နေရာများ များပြားသည့်အပြင် ဆောင်းရာသီကာလ ချယ်ရီပန်းပွင့်ချိန်တွင် နှစ်စဉ်လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိ ရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)