လဲချား ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈)နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက လူစည်ကားရာနေရာဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးနှင့် မြို့မစျေးတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့် ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာများ၊ ရပ်/ကျေး စာရေးများသည် ပြည်ထောင်စုလမ်းမတစ်လျှောက် ခရီးသွားပြည်သူများ၊ မြို့နယ်အတွင်းရှိပြည်သူများ၊ ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာ ပြည်သူများကို အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံးသွားပြီးမဲပေးစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်စို့စသည့် အကြောင်းအရာများအပြင် MEVM စက်ဖြင့် မဲပေးနည်း၊ ဆန္ဒမဲပေးရာတွင် သတိပြုလိုက်နာရမည့်အချက်များ စသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးများကို မြန်မာဘာသာ၊ ပအိုဝ်းဘာသာ၊ ရှမ်းဘာသာဖြင့် ထုတ်ဝေထားသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)