ဘုတ်ပြင်း ဒီဇင်ဘာ ၁၉
ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့၌ ကျရောက်သည့် (၈၈) နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ရွှေဘုံသာရပ်ကွက်ရှိ မြို့မနှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ယနေ့နံနက်က ကျင်းပပြုလုပ်ရာ ဘုတ်ပြင်းတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ကရင်အမျိုးသားနှစ်သက်ကူး ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံအား အလေးပြုကြသည်။ ယင်းနောက် နော်ခင်သီတာထွေးက ကရင်အမျိုးသားအလံ၏ အကြောင်းအရာများကို ရှင်းလင်းဖတ်ကြား၍ ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံ ဗီဒီယိုကို ပြသခဲ့သည်။ ဆက်လက်၍ သင်းအုပ်ဆရာစောဟိန်းမင်းထွေးမှ ဝတ်ပြုကိုးကွယ်ခြင်း၊ အလုံးစုံဆုတောင်းသည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများအား လက်ဖက်ရည်၊ မုန့်တို့ဖြင့် ကျွေးမွေးဧည့်ခံပြီး ကရင်အမျိုးသားနေ့ အထိမ်းအမှတ် ဗလာမပါကံစမ်းမဲဖောက်ပေးခြင်းတို့ဖြင့် ပျော်ရွှင်စွာကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)