လွိုင်ကော် ဒီဇင်ဘာ ၁၉
ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ဝန်ထမ်းများနှင့် ၎င်း၏မိသားစုဝင်များ၊ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် နေအိမ်ထိခိုက်ပျက်စီးခဲ့ရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နေရပ်စွန့်ခွာနေထိုင်လျက်ရှိသည့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ပြည်သူများအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာ သုံးလစာအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ပေးအပ်ခြင်းနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ နေအိမ်ထိခိုက်ပျက်စီးခဲ့ရသည့် ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများစနစ်တကျနေထိုင်နိုင်ရေးအတွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ပြန်လည် ဝင်ရောက်နေထိုင်သည့် ရပ်ကွက်၊ ကျေးရွာများတွင် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးသွားလာရေး၊ ကုန်စည် ပို့ဆောင်ရေးစသည့် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးနှင့် မိမိတို့၏ မူလအသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့်၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများအားလုံးက လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြစေ လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ထောက်ပံ့ငွေများ ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးရုံးတို့မှ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နမ့်ဘော်ဝမ်(က) နှင့် နမ့်ဘော်ဝမ်(ခ)ရပ်ကွက်နေ ပြည်သူများအတွက် ထောက်ပံ့ငွေများကို လည်းကောင်း၊ နောင်ယား(က)၊ မင်းစုနှင့် ဈေးပိုင်းရပ်ကွက်တို့မှ နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို လည်းကောင်း ပေးအပ်ရာ သက်ဆိုင်ရာ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။
ထို့နောက် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများသို့ သုံးလစာထောက်ပံ့ငွေများ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုး၊ ကယ်ဆယ်ရေးပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသည့် ဝန်ထမ်းများနှင့် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားသည်။
ယခု အခမ်းအနားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ဌာနဆိုင်ရာ ၇၆ ခုမှ ဝန်ထမ်း၂၃၂၅ ဦးနှင့် မိသားစုဝင် ၃၄၃၂ ဦး၊ ပြည်သူ ၁၀၅၄၅ ဦး စုစုပေါင်း ၁၆၃၀၂ ဦး တို့အတွက် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ သုံးလအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေကျပ် ၉၇၈ ဒသမ ၁၂၀ သန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် နေအိမ် ၄၈၁ လုံးအတွက် ငွေကျပ် ၇၉ ဒသမ ၇၀ သန်း၊ ဘေးသင့်ပြည်သူ ၁၅၇၉ ဦး အတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၇.၈ ကျပ်သန်း၊ စုစုပေါင်းငွေကျပ် ၁၀၆၅ ဒသမ ၇၁၅ သန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၃၇၁ စုံ အား ပေးအပ်ခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)