မြိတ်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ အမျိုးသမီးငယ်များအား အသိပညာပေး ဟောပြော

မြိတ် ဒီဇင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် သင်တန်း တက်ရောက်နေကြသည့် သင်တန်းသူအမျိုးသမီးငယ်များအား အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် ယမန်နေ့က သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေးဟောပြောကြသည်။

ဟောပြောရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ် အကြောင်းအရာများ၊ လူကုန်ကူးမှုအန္တရာယ်နှင့် တားဆီးကာကွယ်ရေးအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်တားဆီး ကာကွယ်ရေးအကြောင်းအရာများ၊ ကူးစက်ရောဂါများနှင့် ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်များနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ အမျိုးသမီးနှင့်ကလေးသူငယ် ကာကွယ်ပေးသည့် ဥပဒေ၊ နည်းဥပဒေများ၊ social media ကို အကျိုးရှိရှိအသုံးချကြရန်နှင့် ကောင်းကျိုးဆိုးကျိုးများအကြောင်းကို ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေးဟောပြောကြသည်။

ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ/ရသစာအုပ်ပြပွဲ၊ နံရံကပ်စာစောင်များ ပြသ‌ပေး၍ ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင် ဝေငှပေးရာ သင်တန်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးကြပြီး စာအုပ်များငှားရမ်းပေးကာ စာဖတ်ဝိုင်းပြုလုပ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးနှင့်သင်တန်းသူများ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)