နမ္မတူမြို့နယ် ဆန်ခါ၊ နမ့်ဆီလင်းကျေးရွာတို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာ ပေးခြင်းနှင့် ထောက်ပံ့ပေးအပ်ခြင်းဆောင်ရွက်

နမ္မတူ    ဇန်နဝါရီ   ၂

Christian Aid ၏ပံ့ပိုးမှုဖြင့် စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (Glad)နှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးနှင့် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ဆန်ခါ၊ နမ့်ဆီလင်းကျေးရွာတို့၌ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်၊ မနန်းအေးနွမ်း တို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးအကြောင်းအရာများအား မြန်မာဘာသာဖြင့် လည်းကောင်း၊ ရှမ်းဘာသာ ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသော ဒေသခံပြည်သူများအား လက်သန့်စင်အောင် ဆေးကြော နည်းသရုပ်ပြကာ ရေမလိုလက်သန့် ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ၊ အသိပညာပေးဗွီနိုင်းများနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပါသည်။

ထို့အပြင် ကျေးရွာတစ်ရွာချင်းစီအတွက် ခြေနင်းလက်ဆေးဘေစင် (၁)စုံ၊ Hand Speaker (၁)ခု၊ Memory Stick (၁)ခု၊ ရေမလိုလက်သန့်ဆေးရည်များနှင့် လက်ဆေးဆပ်ပြာခဲ (၇၀၀)ခဲအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်ထံက သိရှိရပါသည်။   

လူမော် (ပြန်/ဆက်)