ပြည်ကြီးတံခွန် ဇန်နဝါရီ ၂
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်း မှ စတင်ကာ ရပ်ကွက်အသီးသီးရှိ စုရပ်များတွင် ဆောင်ရွက်လျက်ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်မှာ ရပ်ကွက်(၁၈)ရပ်ကွက်ရှိပါတယ်၊ ကာကွယ်ဆေးထိုးတဲ့စုရပ်က (၄၅)ခုရှိပါတယ်၊ လျာထားစာရင်းများအရ မြို့နယ်အတွင်းမှာ အသက်နှစ်နှစ်အောက် ကလေးငယ် ငါးထောင်လေးရာနီးပါးရှိပါတယ်၊ ထပ်တိုးလာတာလည်းရှိနိုင်ပါတယ်၊ မြို့နယ်အတွင်းမှာကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများအား အသက်အရွယ်အလိုက် ပြင်းထန်တီဘီ(BCG)၊ပိုလီယို၊ အသည်းရောင် အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးနှင့် ဂျပန်ဦးနှောက်ရောင် အစရှိသော ရောဂါကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေး လျက်ရှိကြောင်းသိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)