ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများ၌ ကြိုတင်ဆန္ဒမဲပေးနေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု

ချမ်းအေးသာစံ ဒီဇင်ဘာ ၂၀

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလအတွက် ကြိုတင်ဆန္ဒမဲပေးနေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများသို့ ယနေ့နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲပေးနေမှုများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းနှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့သည်။

သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုတင်ဆန္ဒမဲပေးခြင်းများ လိုက်လံကြည့်ရှုခြင်းနှင့်အတူ မဲရုံများစစ်ဆေးရာတွင် မဲရုံမှူးများနှင့် တာဝန်ရှိသူများအား မဲစာရင်းများတိကျမှန်ကန်မှူရှိစေရေး၊ မဲရုံများ၏ လုံခြုံရေးအခြေအနေများထားရှိစေခြင်း၊ မီးဘေးလုံခြုံရေးအခြေအနေများ ကြိုတင်ကာကွယ်ထားရှိစေရေး အကြောင်းအရာများကို မှာကြားခဲ့ကြောင်း သိရှိရသည်။

ချမ်းမြေ့မောင်