သရက်ချောင်း ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က သရက်ချောင်းမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ တိုက်ဆိုင်စစ်ဆေးရာတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာပြီးနောက် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ပြင်ဆင်မှုနှင့် ကန့်ကွက်မှုများအား စိစစ်ပြင်ဆင်ပြီး မဲစာရင်း(တတိယ)အကြိမ်ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာမည်ဖြစ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်အဖွဲ့များက ပူးပေါင်း၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ e-ID Sever ဖြင့် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်နေမှုကို မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးတင်အေး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးစိုးကိုကိုလွင်တို့က ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၂၂)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးစိုးကိုကိုလွင်ထံက သိရသည်။
နန်းခလိုက်(သရက်ချောင်း)