ပျဉ်းမနားမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များအားသင်တန်းဖွင့်လှစ်ပို့ချ

ပျဉ်းမနား    ဇန်နဝါရီလ  ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနက ‌၂၀၂၀ -၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ (၃)ရွာမှ မြစိမ်းရောင်ကော်မတီဝင် များအား စီမံကိန်းစီမံခန့်ခွဲမှုနှင့် ငွေစာရင်းရေးသွင်းနည်းသင်တန်းကို  ယနေ့နံနက် ၁၀နာရီက ပျဉ်းမနားမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပကြောင်းသိရသည်။

သင်တန်းတွင် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ သင်တန်းတွင်ပို့ချမည့် ရန်ပုံငွေ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းရေးသွင်းနည်းများ၊ ကျေးရွာကော်မတီဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ ခံစားခွင့်များအား ရှင်းလင်း ဆွေးနွေးပေးကာ ကျေးရွာကော်မတီဝင်များအနေဖြင့်  သင်တန်းတွင် သိရှိလိုသည်များ မေးမြန်း၍ စိတ်ပါဝင်စားစွာ ဆွေးနွေးသင်ကြားစေ လိုကြောင်း ပြောကြားသည်။

ဆက်လက်၍မြို့နယ်စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်အေးအေးသင်းက သင်တန်းတွင် ပို့ချပေးမည့် ချေးငွေလျှောက်လွှာ၊ အတည်ပြုလွှာ၊သဘောတူစာချုပ်များနှင့် ငွေစာရင်းပုံစံ ၁၀မျိုးအား စာတွေ့ လက်တွေ့ ပို့ချပေးမည်ဖြစ်ကြောင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ မြစိမ်းရောင် ကျေးရွာစီမံကိန်းဝင်ကျေးရွာ( ၃)ရွာ မှ ကော်မတီဝင်( ၂၃)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလအား(၂)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)