တာချီလိတ်မြို့ နိုင်ငံ့ဝန်ထမ်းဟောင်းများ (မြို့ပြ) အသင်း၏  (၁၀)နှစ်ပြည့်အထိမ်းအမှတ် အသင်းသားစုံညီ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

‎‎တာချီလိတ် ဒီဇင်ဘာ ၂၁

‎‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ နိုင်ငံ့ဝန်ထမ်းဟောင်းများ(မြို့ပြ) အသင်း၏  (၁၀)နှစ်ပြည့် အထိမ်းအမှတ်အသင်းသားစုံညီ ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဝမ်ကောင်းရပ်ကွက်ရှိ Happy Sense ခန်းမ၌ ကျင်းပပြုလုပ်သည်။

‎‎ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်မြို့နိုင်ငံ့ဝန်ထမ်းဟောင်းများ (မြို့ပြ) အသင်းဥက္ကဋ္ဌ ဦးကျော်လှက အသင်းဖွဲ့စည်းမှုနှင့် လုပ်ငန်းများ၊ ဆောင်ရွက်နိုင်မှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

‎‎ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေမျိုးနှင့် တာဝန်ရှိသူများက အသင်းအတွက် မတည်ငွေကျပ်သိန်း ၂၄၀ လှူဒါန်းပေးခဲ့သည့် အသင်းမှ အလုပ်အမှုဆောင် မြေစာရင်းဦးစီးဌာနမှ အငြိမ်းစားဖြစ်သူ ဦးလှမြင့်ဦးနှင့် အခမ်းအနားတွင်လှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး အသက် (၇၅)နှစ်အထက်နှင့် အသက် (၈၀)နှစ် အထက် အသင်းသားများအား ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။   

ကျော်ဇေယျာလင်း(ပြန်/ဆက်)