တောင်ကြီး ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဖြူစိမ်းအားကစားပစ္စည်းဆိုင်တို့ ပူးပေါင်းကျင်းပသော ဒီဇင်ဘာလူထုအားကစားလှုပ်ရှာမှုအထိမ်းအမှတ် (အလွတ်တန်း) ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေ ၂ နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ ဆုရအသင်းများ၊ အုပ်ချုပ်သူ/နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖူဆယ်အားကစားဝါသနာရှင်မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ညနေ ၂ နာရီက အလွတ်တန်းအမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် MGG FC အသင်းနှင့် TGI UNITED အသင်းတို့၏ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကာ အဆိုပါပွဲစဉ်၌ MGG FC အသင်းက TGI UNITED အသင်းကို (၈) ဂိုး ၊ (၇) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားကာ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုဆက်လက်ကျင်းပရာ အလွတ်တန်း အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် ဂိုးသမား အကောင်းဆုံး အားကစားသမားဆုရရှိသောကျောနံပါတ် (၂) MGG FC အသင်းမှ မောင်ဘုန်းပြည့်သားအား ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုရရှိသော ကျောနံပါတ် (၁၁) TGI UNITED အသင်းမှ မောင်ကောင်းခန့်ဇော်အား ဆုတံဆိပ်နှင့် ငွေသားဆုတို့အား တာဝန်ရှိသူတို့ကလည်းကောင်း၊ တတိယဆုရရှိသွားသော ADONIS FC အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု တို့ကိုခရိုင်စီမံခန့်ခွဲရေး နှင်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လှိုင်ကလည်းကောင်း၊ ဒုတိယဆုရရှိသွားသော TGI UNITED အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံမှလည်းကောင်း၊ ပထမဆုရရှိသွားသော MGG FC အသင်းကို တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်ကလည်းကောင်း၊ ပထမတံခွန်စိုက်ဆုနှင့် ငွေသားဆုတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးဦးခွန်သိန်းမောင်က အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းသန်းကျော် (တောင်ကြီး)