ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၁

စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကောင်းပေမွန်များရွေးချယ်ဖတ်ရှုကာ အတွေးအမြင်များ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ စာရေးဆရာမကြီး တင်ရီမ(ညောင်ဦး)ရေးသားသည့် “ဆယ်စုကိုးလီ ကျော်ခဲ့ပြီ” စာအုပ်ဖြင့် ရေးသူဖတ်သူဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ ဆွေးနွေးပွဲသို့ နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက၊ ပခုက္ကူစာပေတစ်သက်တာဆုရှင် စာရေးဆရာမကြီး တင်ရီမ(ညောင်ဦး)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့်တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော် စာပေဝိုင်းဂုဏ်ထူးဆောင်နာယက စာရေးဆရာမကြီး တင်ရီမ (ညောင်ဦး)က အဖွင့်အမှာစကားပြောကြားပြီးတက်ရောက်လာကြသည့် စာရေးဆရာ/ဆရာမများက တစ်ဦးချင်း မိတ်ဆက် ဂါရဝပြုကြသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာ တက်ရောက်လာကြသည့် နေပြည်တော် စာပေဝိုင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာမကြီး တင်ရီမ(ညောင်ဦး)ရေးသားသည့် “ဆယ်စုကိုးလီကျော်ခဲ့ပြီ” စာအုပ်ဖြင့်မိမိတို့၏အတွေး၊ အမြင်၊ ရှုထောင့်အသီးသီးမှသုံးသပ် ဆွေးနွေးဖလှယ်ခဲ့ကြပြီး စာအုပ်ပါ နောက်ခံဖြစ်ရပ်အကြောင်းအရာများမှ သိရှိလိုသည်များကိုမေးမြန်းရာ စာရေးဆရာမကြီး တင်ရီမ (ညောင်ဦး) ပြန်လည်ဖြေကြားခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာကြသည့် စာရေးဆရာ/ ဆရာမများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးလက်ကမ်း စာစောင်များကိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)