ကျွန်းစုမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

ကျွန်းစု ဒီဇင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် တတိယအကြိမ် မဲစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး စသည့် ဌာနများမှ ဝန်ထမ်းများ၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်၊ အတွင်းရေးမှူးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များမှ ကြေညာပြီး‌သော ဒုတိယအကြိမ် မဲစာရင်းတွင် ပုံစံ ၃ ၊ ပုံစံ ၄ နှင့် ပုံစံ ၄ (ဂ) တို့ဖြင့် လျှောက်ထားသည့် လျှောက်လွှာပါ အချက်အလက်များနှင့် ပတ်သက်၍ တိုက်ဆိုင်စစ်ဆေးလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များက လိုအပ်သည်များ‌ ပေါင်းစပ်ဆောင်ရွက်သည်။

ကျွန်းစုမြို့နယ်သည် ရွေးကောက်ပွဲဆောင်ရွက်ခြင်း အပိုင်း ၂ တွင် ပါဝင်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေးနှင့် မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် တာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)