အမရပူရ ဒီဇင်ဘာ ၂၂
အမရပူရမြို့နယ်ရှိရတနာပုံတက္ကသိုလ် အဝေးသင်-သင်တန်း၏ (၂၆)ကြိမ်မြောက်ဘွဲ့နှင်းသဘင်ကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီက မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ မော်ကွန်းထိန်း (ကျောင်းသားရေးရာဌာန)၊ ဌာနခွဲမှူး(အဝေးသင်-သင်တန်း)၊ ဖိတ်ကြားထားသူများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
ဦးစွာ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်က ၂၀၂၄ ပညာသင်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ ဥပဒေဘွဲ့ အသီးသီးအတွက် အောင်မြင်ခဲ့ကြသည့် မောင်မယ်များအား ဘွဲ့လက်မှတ်များအပ်နှင်းပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်း မြွတ်ကြားသည်။
အဆိုပါ အဝေးသင်-သင်တန်း၏ (၂၆)ကြိမ်မြောက်ဘွဲ့နှင်းသဘင်ကို အစမ်းလေ့ကျင့်ရက် အပါအဝင် ဒီဇင်ဘာလ ၂၀ ရက်မှ ၂၄ ရက်အထိ အပိုင်း ၆ ပိုင်းခွဲပြီး တက်ရောက်ဘွဲ့ ၂၅၇၆ ဦး၊ အဝေးရောက်ဘွဲ့ ၅၆၉ ဦး စုစုပေါင်း ၃၁၄၅ ဦးကို ဘွဲ့အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)