မိုင်းပျဉ်း ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆောင်ရွက်မည့် မဲရုံနေရာများ မီးဘေးလုံခြုံရေးကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းပျဥ်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးသူရမောင်ဦးဆောင်၍ မြို့နယ်လျှပ်စစ်ဌာနမှ အငယ်တန်းအင်ဂျင်နီယာ ဦးတိုးအောင်လှိုင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ ကစတင်၍ မိုင်းပျဥ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အ.ထ.က(မိုင်းပျဉ်း)၊ အ.ထ.က(ခွဲ)-မိုင်းပျဉ်းနှင့် အ.မ.က(မိုင်းပျဉ်း) ကျောင်းများရှိ ရွေးကောက်ပွဲဆောင်ရွက်မည့် သတ်မှတ်မဲရုံနေရာများသို့သွားရောက်၍ ရုံးတွင်းမဲရုံသုံးပစ္စည်းများထားရှိမှု အခြေအနေများ၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု အခြေအနေများ၊ မီးသတ်ဆေးဘူးထားရှိမှု၊ မဲရုံပတ်ဝန်းကျင် မီးဘေးလုံခြုံရေးနှင့် မဲရုံအနီးရေလှောင်ကန်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်ဆက်)