ကြံခင်းမြို့နယ်၊ ကုန်းမြင့်သာဘိုးဘွားရိပ်သာ တည်ထောင်ခြင်း (၈)နှစ်မြောက် နဂါးရုံဘုရား အနေကဇာတင်ခြင်းနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကြံခင်း ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာ၊ ကုန်းမြင့် သာယာကမ္မဌာန်းရိပ်သာနှင့် ဘိုးဘွားရိပ်သာတွင် ဒီဇင်ဘာလ(၁၈)ရက်နေ့နံနက်ပိုင်းက ကုန်းမြင့်သာဘိုးဘွားရိပ်သာ တည်ထောင်ခြင်း(၈)နှစ်မြောက် အနေကဇာတင်ခြင်းနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပသည်။

ဦးစွာ ကုန်းမြင့်သာယာကျောင်းတိုက်အတွင်းရှိ နဂါးရုံဘုရားအား သံဃာတော်အရှင်သူမြတ်(၅)ပါးက ဗုဒ္ဓဘိသေကအနေကဇာတင်လှူကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် ဘိုးဘွားစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက တက်ရောက်ကြည်ညို သဒ္ဒါ ပွားများကြသည်။ ထို့နောက် အလှူငွေပေးအပ်ပွဲအခမ်းအနားကိုကျင်းပခဲ့ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ဘုရားကန့်တော့၍ အခမ်းနားကိုဖွင့်လှစ်ကြပြီး၊ ကုန်းမြင့်သာယာကမ္မဌာန်းရိပ်သာနှင့် ဘိုးဘွားရိပ်သာဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ‌ဇောတိကဓဇ ဘဒ္ဒန္တစိန္တာဧသဌာထံမှ ငါးပါးသီလ ခံယူစောက်တည်ကြသည်။ ထို့နောက် ဘိုးဘွားရိပ်သာ ဦးစီးပဓာန ဆရာတော်အား ကုန်းမြင့်ဘိုးဘွားရိပ်သာ ဘိုးဘွားစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဦးစိန်‌ဌေးက လှူဖွယ်ပစ္စည်းဆက်ကပ်လှူဒါန်းပြီး၊ အလှူရှင်များက အလှူငွေများလှူဒါန်းကြရာ ဘိုးဘွားစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသီးသီးလက်ခံရယူပြီးနောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။ ဆက်လက်၍ ဘိုးဘွားရိပ်သာ ဦးစီးပဓာန ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရားတော်နာယူကြကာ ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌာတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများအား ဘိုးဘွားစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းခြင်း၊ ဘိုးဘွားများနှင့် ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့်တည်ခင်း ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)