မြစ်သားမြို့နယ်၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ကျင်းပ 

မြစ်သား ဒီဇင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် U-16 ဂိုးလတ်ဘောလုံးပြိုင်ပွဲကို အုပ်စု (က) နှင့်အုပ်စု (ခ) တို့ဖွဲ့စည်း၍ ရှေးဟောင်းသမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဘုရားဝန်းအတွင်း ဘောလုံးကွင်း၌ ဒီဇင်ဘာ ၂၁ ရက်ညနေ ၃ နာရီအချိန်က ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါဘောလုံးပြိုင်ပွဲတွင် ဘောလုံးကန်နည်းအခြေခံကျွမ်းကျင်မှု၊ အသင်း၏စည်လုံးညီညွတ်မှု၊ ဂိုးသွင်းမှုစွမ်းရည်စသည်များကို သိရှိနားလည်ပြီး အောင်မြင်သည့် ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍  မြစ်သားမြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံပြိုင်ပွဲဝင်အသင်းများ ဖြစ်သည့် အုပ်စု (က) တွင် သာလွန်ကျောင်း၊  ကျီတော်ကုန်း‌ကျောင်း၊ နေရှင်နယ်ဘုန်းတော်ကြီးသင်ကျောင်း၊ သစ်တက်ကုန်း‌ကျောင်းတို့နှင့် အုပ်စု (ခ) တွင် မြို့မ (အ.ထ.က)၊ ရစ်ကန်ကျောင်း၊ ကျောက်ဆောက်ကျောင်း၊ မြစ်သား (အ.ထ.က) ကျောင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြသည်။

ပြိုင်ပွဲများကို နေ့စဥ် ညနေ ၃ နာရီတွင် စတင်ကစားပြီး ဒီဇင်ဘာ ၂၀ ရက်နေ့မှ ဇန်နဝါရီ ၂ ရက်နေ့အထိ ၁၀ ရက်တိတိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့တွင် မြို့မ (အ.ထ.က) ကျောင်းနှင့် မြစ်သား (အ.ထ.က) ကျောင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ မြို့မ (အ.ထ.က) ကျောင်းမှ ၂ ဂိုးနှင့် မြစ်သား (အ.ထ.က) ကျောင်းမှ ၄ ဂိုးရရှိ၍ မြစ်သား (အ.ထ.က) ကျောင်းမှ အနိုင်ရရှိခဲ့ကြောင်း  ပြိုင်ပွဲကျင်းပ‌ရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)