မိုးနဲ ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ကမ္ဘောဇခန်းမတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ တိုက်ဆိုင်စစ်ဆေးရာတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာပြီးနောက် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ပြင်ဆင်မှုနှင့် ကန့်ကွက်မှုများအား စိစစ်ပြင်ဆင်ပြီး မဲစာရင်း(တတိယ)အကြိမ်ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာမည်ဖြစ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများ၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်အဖွဲ့များက ပူးပေါင်း၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ e-ID Sever ဖြင့် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦကျော်ကျော်ခိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးအောင်ကိုကိုဝင်းတို့က ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)